စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Black Vote Fighter Local PDF က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်သားများကို လက်နက်ကြီး ၆၀ မမ ၊ ၈၀ မမ များ၊ လက်နက်ငယ်များဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ ခုခံ တိုက်ခိုက်မှုကြောင့် ရှေ့ဆက် မတိုးနိုင်ဘဲ ပုလဲမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို Black Vote Fighterအဖွဲ့နှင့် မဲမှောင်ပြည်သူကာကွယ်ရေးအဖွဲ့ ၊ အမေ့သားပျောက်ကြားတပ်ဖွဲ့ အခြားသော မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် စက်တင်ဘာလ ၄ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ တနယ်ကျေးရွာကို လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံးမီးလောင်ကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
