ရန်ကုန်၊ စက်တင်ဘာ ၆
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ လူမိုက် ဝင်းထွဋ်ဝင်းမှာ စစ်တပ်ဘက်တော်သား လက်နက်ကိုင် ပျူစောထီးဖြစ်လာပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သာကေတမြို့နယ်မှ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံလိုက်ရသော လူငယ်တချို့၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သာကေတ လူမိုက် နေမျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီးနောက် လူမိုက် ဝင်းထွဋ်ဝင်းမှာ သာကေတတစ်ခွင်တွင် လူမိုက်များ ပိုမို စုစည်းလာကြောင်း၊ လူမိုက်အဖွဲ့များကို စုစည်း၍ စစ်တပ်နှင့်ရဲအတွက် တော်လှန်ရေးလှုပ်ရှားသူများ၏ သတင်းများကို စုံစမ်း သတင်းပေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်းတွင် လူမိုက် ဝင်းထွဋ်ဝင်းမှာ စစ်တပ်၏ လက်ကိုင်တုတ် လုံးလုံးလျားချားခံယူပြီး လက်နက်ကိုင် ပျူစောထီးဖြစ်လာကြောင်း သိရှိရသည်။
“သာကေတတစ်ခွင်မှာ ၀င်းထွဋ်၀င်းက ဆက်ကြေးကောက် မိုက်ကြေးခွဲ စစ်တပ်လက်အောက်ခံ ပျူစောထီးအနေနဲ့ စီးပွား ရေး၀င်ငွေကောင်းလာတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေ လိုက်ဖမ်းပေးတယ်။ စစ်မှုထမ်းကြေး ကောက်တယ်။ ရရှိလာတဲ့၀င်ငွေတွေကို သူ့တပည့်တွေ ဆိုင်ဆိုပြီး ပလေကပ် ပုဆိုးဆိုင် ထမင်းဆိုင် ကားပစ္စည်းဆိုင် အဖြစ် ငွေဖြူပြန်ပြောင်းပါတယ်။ သူတို့လူမိုက်အဖေအမေတွေကို ကန်တော့တဲ့ ဗီဒီယို တွေ တစ်တော့ပေါ်တင်ပြီး ပရဟိတလိုလို ဘာလိုလို အပေါ်ယံဖုံးပြပါတယ်။ အခုနောက်ပိုင်း ၀င်းထွဋ်၀င်း တပည့်တွေက သာကေတ ခိုင်ရွေဝါ ၈ တောင် ရပ်ကွက်မှာ သာမန် အရပ်သားပြည်သူတွေကိုပါးရိုက်တာ၊ ရိုက်နှက်တာ၊ ဆက်ကြေးကောက်တာတွေ အရမ်းလုပ်လာတယ်။ မိန်းမပျိုလေးတွေကို ငွေပေးမယ်၊ သူ့ဆရာနဲ့ အတူတူအိပ်ပါဆိုတာမျိုးတွေအထိ ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျလာတယ်။ တိုင်လည်း မတိုင်ရဲဘူး။ တိုင်လည်း ရဲက ဘာမှ မလုပ်ပေးဘူး။ တိုင်ရင်လည်း ရဲက အရေးယူတာ၊ မယူတာထက် လူမိုက်တွေက ဝင်ခုတ်သွားမှာ ကြောက်နေရတာ” ဟု သာကေတမြို့နယ်မှ ကင်းထောက်လုံခြုံရေး သတင်းရင်းမြစ် ရှင်းပြသည်။
သာကေတတစ်ခွင်တွင် ဝင်းထွဋ်ဝင်းက ပျူစောထီးများဖြစ်လာသောအခါ အုပ်စုဖွဲ့ သွားလာပြီး လူမိုက် ဝင်းထွဋ်ဝင်းနှင့်စကားပြောသည့်အခါ ပြည်သူလူထုကို လက်အုပ်ချီစကားပြောရန် စေခိုင်းခြင်း၊ ပရဟိတအယောင်ဆောင် လာခြင်း ၊ အုပ်စုဖွဲ့၍ ယာဉ်တန်းများဖြင့် သွားလာခြင်းများ လုပ်ဆောင်လာကြောင်း၊ စစ်တပ်နှင့်ရဲများ၏ ပစား ပေးမှုဖြင့် လူမိုက်ကြီးစိုးရာနယ်မြေအဖြစ် ပုံဖော်လာကြောင်း သိရှိရသည်။
” စစ်တပ်ထောက်ခံတဲ့ ယုန်လေးက Original Gangster 3 မှာ လူမိုက် ဝင်းထွဋ်ဝင်းကို ထည့်ရိုက်ပြီးတော့ ဝင်းထွဋ်ဝင်းက ဂိုဏ်းခေါင်းဆောင်လိုမျိုး ပုံလုပ်လာတယ်။ သက်ကြီးရွယ်အိုတွေကအစ ငွေ သောင်းဂဏန်းလောက်ပေးပြီး သူ့ကိုလက်အုပ်ချီခိုင်းတယ်။ သူနဲ့စကားပြောရင် ဘယ်သူမဆို သူ့တပည့်တွေက လက် အုပ် ချီခိုင်းတယ်။ စစ်တပ်နဲ့ရဲ လက်ကိုင်တုတ်ဖြစ်လာတော့ အရေးယူသူမရှိတော့တဲ့ ၀င်းထွဋ်၀င်းက လူမိုက်ကြီးစိုးရာနယ်မြေဖြစ်လာတယ်။ သူကိုယ်တိုင်မှာလည်း သေနတ်အတိုတစ်လက်ကိုင်ထားတယ်။ အဓိက လူငယ်တွေအတွက် မလုံခြုံတော့တာ” ဟု သာကေတမြို့နယ်မှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ယမန်နှစ်အတွင်း စစ်တပ်ဘက်တော်သား ယုန်လေးရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကားတွင် သာကေတ လူမိုက်များဖြစ်ကြသည့် ၀င်းထွဋ်၀င်းနှင့် သံဗုဒ္ဓေတို့ ထည့်သွင်းရိုက်ကူးခဲ့သည်။ ယင်းရုပ်ရှင် ပြသခဲ့ပြီးနောက်ပိုင်း လူမိုက်ဝင်းထွဋ်ဝင်းမှာ ယုန်လေး၏ ဆက်သွယ်ပေးမှုဖြင့် စစ်တပ်အ တွက် စစ်မှုထမ်း လူသစ်များ စုဆောင်းပေးခြင်း၊ ဧည့် စာရင်းစစ်ပေးခြင်း၊ တော်လှန်ရေးရဲဘော်များ သတင်းများ စုံစမ်းခြင်းနှင့် သတင်းပေးများ မွေးမြူခြင်းများ ဇောက်ချ လုပ်ကိုင်လာခြင်းဖြစ်သည်။
လူမိုက် ဝင်းထွဋ်ဝင်းက တပည့်များနှင့်အတူ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်နေ မိသားစုတစ်စုကို ဝင်ခုတ်ခဲ့ပြီး အသက် ၃၀ နှစ်အရွယ် ကိုဇော်ဟိန်း သေဆုံးခဲ့ကာ မိသားစုဝင် ၂ ဦးထက်မနည်း အရေးပေါ် လူနာအဖြစ် ကုသခဲ့ရသည်။ အဆိုပါ အမှုမှ အရေးယူခံခဲ့ရသဖြင့် ထောင်ကျခဲ့သော်လည်း စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် စစ်တပ်၏ လွတ်ငြိမ်းခွင့် ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- လူမိုက် ၀င်းထွဋ်၀င်းနှင့် ယုန်လေးတို့ကို တပည့်များနှင့်အတူ တွေ့ရစဉ်။
