ရန်ကုန်၊ စက်တင်ဘာ ၆
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်မှုဖြင့် အသက် ၁၉ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ မြန်မာလူငယ် ၉ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ထုတ်ပြန်ချက်နှင့် ဖမ်းဆီးခံမြန်မာများကို ကူညီနေသော မဲဆောက်မှ မြန်မာ-ထိုင်းစကားပြန်တစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။
ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ မွန်းတည့်ချိန် မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ဂိတ်ချ စစ်ဆေးစဉ် အသက် ၁၉ နှစ်မှ အသက် ၂၄ နှစ်အတွင်းရှိ မြန်မာလူငယ် ၅ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာလူငယ်များမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ ၎င်းတို့ထံတွင် နိုင်ငံကူးလက်မှတ်စာအုပ်တချို့လည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာ နက ထိုင်းရဲများနှင့်အတူ မဲဆောက်မြို့တွင် ဂိတ်ချစစ်ဆေးစဉ် ကား ၁ စီးကို တားဆီးစစ်ဆေးရာ ထိုင်းနိုင်ငံသား ယာဉ်မောင်း မောင်း နှင်သော ကားပေါ်မှ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
အဆိုပါ မြန်မာနိုင်ငံသား ၄ ဦးမှာ အသက် ၂၀ မှ အသက် ၂၇ နှစ်အတွင်းရှိပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း သိရှိရသည်။
“လူငယ်တွေ အမျိုးသားတွေက စစ်မှုထမ်း တိမ်းရှောင်ရင်း ရောက်လာကြသူတွေချည်းပဲ။ စစ်မှုထမ်းပါလို့ လေဆိပ်က ထွက်မရလို့ ဒီဘက်ကနေ ဝင်လာကြတာ” ဟု မဲဆောက်မြို့တွင် ဖမ်းဆီးခံမြန်မာများကို ကူညီပေးနေသူတစ်ဦးက ရှင်းပြသည်။
အလားတူ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၃၇ ဦး မမှန်မကန် အပြစ်ရှာ အလုပ်ထုတ်ပယ်ခံလိုက်ရသဖြင့် နစ်နာကြေးရရှိရေး ဆောင်ရွက်နေကြောင်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ မှ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလုပ်သမားများသည် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အထောက်အထားများ ပြည့်စုံသော်လည်း အပြစ်ရှာ၍ အထောက်ထားမပြည့်စုံဟု ဆိုကာ ကြိုတင်အသိမပေးဘဲ အလုပ်မှထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အဓိကကတော့ ဒီလိုမျိုး အထောက်အထားအပြည့်အစုံ ရှိရဲ့သားနဲ့ အလုပ်ဖြုတ်တယ်ဆိုတာ အကြောင်းရှာ အလုပ်ဖြုတ်တာ။ တချို့ရုံတွေကျတော့လည်း ဒီအတွင်းထဲကနေ စာရေးမတွေ အပြင်က ပွဲစားတွေနဲ့ ပေါင်းပြီးတော့ နောက်ထပ်လူသစ်တွေကို နောက်ထပ်လူသစ်တွေကို စမတ်ခတွေ ၊ ပွဲစားခတွေ ယူပြီး သွင်းချင်လို့ အပြစ်ရှာတာပေါ့နော်။ တချို့ကျတော့လည်း အလုပ်ရုံလူလျှော့ချင်လို့။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ထိုင်းဥပဒေအရ အကြောင်းမဲ့အလုပ်ဖြုတ်လို့က မရဘူး။ အဲဒီအတွက် သူ့ရဲ့ဥပဒေအတိုင်း သက်တမ်းအလိုက်ခံစားခွင့်ရဖို့ ပြန်ပြီးတော့လုပ်ပေးမယ်။ ကြိုတင်မပြောဘဲ အလုပ်ဖြုတ်ပစ်တဲ့အတွက် ကြိုတင်မပြောခကြေးပေးရမယ်။ ပြီရင် လုပ်အားခလက်ကျန်တွေလည်း ရှိတော့ အဲဒါတွေ ဆက်လက်ရဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်”ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိအချိန်တွင် အလုပ်သမားများကို တွေ့ဆုံစစ်ဆေးပြီး သက်ဆိုင်ရာနယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရုံး(ဆဝါဒီကန်)၌ လိုအပ်သည်များအား 𝐍𝐔𝐆 အလုပ်သမားဝန်ကြီးဌာနနှင့် 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ က ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။


