28.4 C
Yangon

ပြိုပျက်လု မြန်မာစစ်တပ်ကို ဒေသတွင်းနိုင်ငံများက စစ်ရေး ၊ နိုင်ငံရေး ၊ ငွေကြေးနှင့် လက်နက်အကူအညီများပေးနေသည့်တိုင် တော်လှန်ရေးပန်းတိုင်သို့ ဆက်လက်ချီတက်တိုက်ပွဲဝင်မည်ဟု NUG ယာယီသမ္မတ ကတိပြု

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

စစ်အာဏာသိမ်းထားသည့် ပြိုပျက်လုဖြစ်နေသော မြန်မာစစ်တပ်ကို ဒေသတွင်းနိုင်ငံများက စစ်ရေး ၊ နိုင်ငံရေး ၊ ငွေကြေးနှင့် လက်နက်အကူအညီများပေးနေသည့်တိုင် တော်လှန်ရေးပန်းတိုင်ကို အလျှော့မပေးဘဲ ဆက်လက်ချီတက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက ကတိပြု

လိုက်သည်။

ယနေ့ ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၄ နှစ်ပြည့်နေ့အတွက် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုကိုယ်တိုင် ပါဝင်ထားသော တော်လှန်ရေးဖြစ်ပြီး ၄ နှစ်တိုင်လာသည့်အချိန် ရဲဝင့်ပြတ်သားစွာ ခုခံတော်လှန်နိုင်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ ထိန်းချုပ်ထားသော မြို့၊ ရွာ များ ရုန်းထလှုပ်ရှားလာနိုင်ကြောင်း၊ မြန်မာ့စစ်ရေးသမိုင်းတွင် မြန်မာစစ်တပ်က မကြုံဖူးသော စစ်ရေးအရ ရှုံးနိမ့်မှုများ ကြုံတွေ့ခဲ့ကြရပြီးဖြစ်ကြောင်း၊ ခုခံတော်လှန်စစ်က မြန်မာအကြမ်းဖက်စစ်တပ်၏ လက်တံခြေတံများကို ရိုက်ချိုးပစ်နိုင်ခဲ့​ကြောင်း၊ မြန်မာစစ်တပ်က အင်အားချိနဲ့မှုနှင့် ပြိုပျက်လုနီးပါးအခြေအနေအထိ ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် မြန်မာစစ်တပ်ကို ဒေသတွင်းနိုင်ငံများက စစ်ရေး ၊ နိုင်ငံရေး ၊ ငွေကြေးနှင့် လက်နက်အကူအညီများ ပေးလာသည်ကို ဝမ်းနည်းဖွယ် မြင်တွေ့ရကြောင်း ယာယီသမ္မတက ပြောဆိုသည်။

“အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး ၊ နိုင်ငံရေး ၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲ ဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာ ဒုက္ခနဲ့ နေ့တိုင်း အချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရတဲ့ ပြည်သူလူထုရဲ့ မျက်နှာကို မကြည့်ဘဲ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို ပိုကြည့်နေပါတယ်။ ဒါဟာ လူထုခုခံတော်လှန်စစ်အတွက် စိတ်မကောင်းစရာကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အကြမ်းဖက်မြန်မာစစ်တပ်ကို စစ်ရေး နည်းပညာတွေ အကူအညီထောက်ပံ့ပေးနေတာ တွေ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။

စစ်တပ်က ၎င်းတို့၏ စစ်ရေးအာဏာ တည်မြဲရေးအတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ချနင်းရန် ဝန်မလေးကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် ပြည်သူလူထုကို မျှော်လင့်ချက်မဲ့အခြေအနေ မျိုး ဖြစ်အောင် မလုပ်စေရန် မေတ္တာရပ်ခံလိုကြောင်း၊ တော်လှန်ရေးတွင် အနိမ့်အမြင့် အတက်အကျများ ရှိနေသော်လည်း တော်လှန်ရေးကို မျက်ခြည်ပြတ်မည်မဟုတ်ကြောင်း သမ္မတက ရှင်းပြသည်။

“ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတဲ့ တိုင်းရင်းသားပြည်သူလူထုကြီး တစ်ရပ်လုံးအနေနဲ့ အမှောင်မိုက်ဆုံး ညနက်တွေကို ဖြတ်သန်းခဲ့ကြရပြီးဖြစ်ပါတယ်။ ဒါ့အပြင် အပြင်းအထန်ဆုံးသော မုန်တိုင်းတွေကိုလည်း ကျော်လွန်ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ ရောင်နီကို မြင်ခဲ့ရပြီးမှ အလင်းစင်စစ်ကို မတွေ့ရသလို ဖြစ်နေရပါသေးတယ်။ နွေဦးတော်လှန်ရေးဟာ အကဲဆတ်တဲ့ နိုင်ငံရေးမုန်တိုင်းတွေကို ဖြတ်သန်းနေရကြောင်း တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို တင်ပြချင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံရေးလောကဓံတွေနဲ့ ကြုံတွေ့နေရပြီး တော်လှန်ရေး မိုးသက်မုန်တိုင်းတွေကြားမှာ ရှင်သန်ရုန်းကန်နေကြရပါတယ်။ ခုခံတော်လှန်စစ်မှာ နိမ့်လိုက်မြင့်လိုက်နဲ့ တရွေ့ချင်း ရှေ့ကို တက်လှမ်းနေပါတယ်။ နိုင်ငံရေးအချိုးအကွေ့တွေ တော် လှန်ရေး လှိုင်းအနိမ့်အမြင့်တွေကို ဖြတ်သန်းရင်း ရှေ့နှစ်လမ်းတိုး နောက်တစ်လမ်းဆုတ် အခြေအနေနဲ့ ရှေ့ဆက်နေကြရပါတယ်။ ခုခံတော်လှန်စစ်မှာ အတိုးအဆုတ် အတက်အကျနဲ့ အနိမ့်အမြင်တွေ ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ဟာ ပန်းတိုင်ကို မျက်ခြေမပျောက်ဘဲ စူးစူးစိုက်စိုက် တက်လှမ်းနေကြောင်း ပြည်သူလူထု တစ်ရပ်လုံးကို တင်ပြချင်ပါတယ်” ဟု သမ္မတက ရှင်းပြသည်။

စစ်တပ်၏ ရွေးကောက်ပွဲမှာ ထွက်ပေါက်မဟုတ်ဘဲ ထောင်ချောက်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင် ရေရှည်ငြိမ်းချမ်းတည်ငြိမ်မည်မဟုတ်ဘဲ ပဋိပက္ခ ကို လောင်စာ ထည့်ပေးခြင်းဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း စစ်အာဏာရှင်၏ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ရန် လေးနက်စွာ တောင်းဆိုကြောင်း ယာယီသမ္မတက တိုက်တွန်းသည်။

လက်ရှိအခြေအနေများတွင် အခက်အခဲ အတားအဆီးများ ကြုံနေရသော်လည်း တော်လှန်ရေးပန်းတိုင်ကို ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း၊ အဆုံးစွန်အထိ တော်လှန်ရေးပန်းတိုင်ကို မရောက်မချင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ကတိပြုပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article