ရန်ကုန်၊ စက်တင်ဘာ ၈
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို မိုင်းနင်းခိုင်းခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် ပွင့်ဖြူမြို့ပေါ်ရှိ ခလရ ၁၀ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ကျေးရွာများကို စတင်ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် စက်တင်ဘာလ ၃ ရက်နေ့တွင် မကျီးစုကျေးရွာမှ ပြည်သူ ၂ ဦးနှင့် တခြားရွာမှ ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို လေးအိမ်စုရွာအနီးရှိ မြောင်းထဲတွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကနီရွာ ၊ မဒဲရွာ ၊ မဒဲကုန်းရွာနှင့် အင်းကုန်းရွာမှ ပြည်သူ ၁၂ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး မိုင်းနင်းခိုင်းကြောင်း၊ ထိုသို့ မိုင်းနင်းခိုင်းစဉ် မိုင်းဖောက်ကွဲမှုကြောင့် ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၆ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်က မဒဲရွာမှ အသက် ၄၀ အရွယ် ကိုသူရကို ဖမ်းဆီးပြီး ဖုန်းတာဝါတိုင်တွင် ကြိုးဖြင့်ချည်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် မကျီးစုကျေးရွာ၊ လေးအိမ်စုကျေးရွာ၊ ဖလံကျင်းကျေးရွာ ၊ ဆည်တော်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ သနပ်ဝကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ ထူးပေါက် ကျေးရွာ၊ ညောင်ပင်ဝိုင်း ကျေးရွာ၊ အင်းကုန်းကျေးရွာ ကနီ ကျေးရွာ ၊ မဒဲကျေးရွာ မဒဲကုန်း ကျေးရွာ၊ ပေတောကျောင်းကုန်းကျေးရွာနှင့် ထိန်အိုင်ကျေးရွာတို့မှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“စက်တင်ဘာလ ၃ ရက်နေ့မှာ မကျီးစုကျေးရွာက ပြည်သူ ၂ ဦးနဲ့ တခြားရွာကပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး လေးအိမ်စုရွာနားက မြောင်းထဲမှာ အလောင်းတွေ စွန့်ပစ်ခဲ့တယ်။ စက်တင်ဘာလ ၆ ရက်မှာတော့ ပြည်သူ ၁၂ ဦးကို လူသားဒိုင်းပြုလုပ်ပြီး မိုင်းကွင်းဖြတ်ခိုင်းတာ မိုင်းကွင်းဖြတ်တဲ့ ပြည်သူ ၅ ယောက်သေဆုံးတယ်။ ၆ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာမရတဲ့ မဒဲရွာသား ကိုသူရကိုတော့ တာဝါတိုင်မှာ ကြိုးနဲ့ချည်ပြီး ခေါင်းကို ပစ်သတ်သွားတာ ပြည်သူ ၁၁ ဦးကိုဖြတ်လျှောက်ခိုင်းတာပေါ့။ တစ်ဦးကသတ်ဖြတ်ခံရတာပါ။ မကျီးစုရွာက နေအိမ် ၅ လုံးကိုလည်း စစ်ခွေးတွေက မီးရှို့သွားတယ်။ ရွာပေါင်း ၁၅ ရွာ ဝန်းကျင်က ပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စကုမြို့ပေါ်ရှိ ခလရ ၁၀ တပ်ရင်းကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။


