ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လစဉ် စစ်မှုထမ်းကြေးကောက်ခံနေသော စစ်တောရွာ ရာအိမ်မှူး သန်းစိုးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ စစ်တောရွာတွင် ပြည်သူများထံမှ လစဉ် စစ်မှုထမ်းကြေး ကောက်ခံနေသော စစ်တောရွာ ရာအိမ်မှူး သန်းစိုးကို ၎င်း အလုပ်လုပ်ကိုင်နေသည့် လယ်ကွင်း အတွင်း ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ရာအိမ်မှူး သန်းစိုးသည် စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးကောက်ခံခြင်း၊ PDFများနှင့် ထောက်ပို့ ပြည်သူများ၏ သတင်းနှင့် အချက်လက်များကို လိုက်လံ စုံစမ်းခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်တောရွာ ရာအိမ်မှူး သန်းစိုးက ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာ နောက်ပြီး ရွာထဲမှာလည်း လစဉ် စစ်မှုထမ်းကြေးဆိုပြီး ကောက်ခံတယ်။ PDF တွေနဲ့ ထောက်ပို့ ပြည်သူတွေရဲ့ သတင်းကို လိုက်လံ စုံစမ်းနေလို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ပြည်သူများကို အနိုင်ကျင့် စစ်မှုမထမ်းမနေရ ထမ်းခိုင်းနေသော အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ ၎င်းတို့ အနီးသွားလာနေထိုင်ခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။
