25.7 C
Yangon

ကညွတ်ကွင်းမြို့တွင် ဆိုင်ကယ်စီးလာသည့် ကိုစည်လင်းထက်နှင့်ကိုညီလင်းထက်တို့ ညီအစ်ကို ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု လိမ်လည်သတင်းဖြန့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ပဲခူးတိုင်း၊ ဖြူးဖြို့နယ်၊ ကညွတ်ကွင်းမြို့တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်စီးလာသည့် ညီအစ်ကို ၂ ဦးကို ပစ်သတ်ပြီး PDF ဟု လိမ်လည်သတင်းဖြန့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့သော ညီအစ်ကို ၂ ဦးမှာ အသက် ၂၈ နှစ်အရွယ် ကိုစည်လင်းထက် (ခေါ်) အောင်ပေါ်ပေါ်နှင့် အသက် ၂၅ နှစ်အရွယ် ကိုညီလင်းထက် (ခေါ်) အစ်ပေ့ တို့ဖြစ်ကြောင်း၊ အဆိုပါ ညီအစ်ကို ၂ ဦးကို ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာအခြေစိုက် ခမရ ၃၀၇ တပ်ရင်းမှ စစ်သားများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကညွတ်ကွင်းမြို့ရှိ ငွေကြယ် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော ညီအစ်ကို ၂ ဦးက နေအိမ်သို့ ပြန်လာစဉ် အရက်သောက်စားမူးယစ်ထားသည့် စစ်သားများလိုက်ပါသော စစ်ကား ၁ စီးက ဆိုင်ကယ်ကို ရပ်ခိုင်းကြောင်း၊ ပေါ်တာအဆွဲခံရမည်ကိုစိုးရိမ်၍ လူငယ် ၂ ဦးစလုံးက ဆိုင်ကယ်ကို မရပ်ဘဲ ဆက်လက်မောင်းနှင်သွားစဉ် စစ်ကားဖြင့် လိုက်လံ ပစ်ခတ်ခဲ့ရာမှ ကိုစည်လင်းထက်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ညီဖြစ်သူ ခြေထောက်တွင်သာ ရှပ်ထိဒဏ်ရာမှန်ထားသော်လည်း စစ်အရာရှိက “ရှင်းပစ်လိုက်ဟု” အမိန့်ပေးသဖြင့် စစ်သားများက ဒဏ်ရာရရှိသော ကိုညီလင်းထက်ကိုလည်း ဆိုင်ကယ်ဘေးနားတွင်ပင် ဦးခေါင်းကို တေ့၍ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြောင်းမဲ့ ပစ်သတ်ပြီးနောက်ညီအစ်ကို ၂ ဦးကို PDF ဟု စွပ်စွဲကာ ရုပ်အလောင်းများကို မိသားစုထံသို့ အလွယ်တကူ ပြန်မပေးဘဲ ကညွတ်ကွင်းမြို့သို့ အသယ်မခံခဲ့ကြောင်း၊ ယင်းနောက် ဖြူးမြို့တွင်ပင် စစ်တပ်က သဂြိုလ်ခိုင်းခဲ့ကြောင်း သိရှိရသည်။

“အဲ့ အကို ၂ ယောက်က ငွေကြယ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အပြန်မှာ ထမင်းကြော်ဝင်ဝယ်တာကို အရက်လာဝယ်တဲ့ စစ်ခွေးတွေက တွေ့သွားပြီးတော့ သူတို့ ၂ ဦးနောက်ကို လိုက်လာတယ်။ ဆိုင်ကယ်ကို အတင်းရပ်ခိုင်းတော့ ပေါ်တာဆွဲခံရမှာကြောက်လို့ မောင်းပြေးတာကို ပစ်သတ်တာ ၁ ဦးက ပွဲချင်းပြီးသေဆုံးတယ်။ ကျန်တဲ့ ၁ ဦးကိုလည်း အသေပစ်သတ်သွားတယ်။ ပစ်သွားတဲ့ စစ်ခွေးတွေက ခမရ ၃၀၇ ရွှေဝါ တပ်ရင်းက စစ်ခွေးတွေလို့ သိရပါတယ်။ စစ်ခွေးတွေဘက်ကလည်း သူတို့အမှု ဖုံးတဲ့အနေနဲ့ နေ့ရွေ့ညရွေ့ဟိုပြောဒီပြောနဲ့ အလောင်းပြန်မပေးပါဘူး။ သေဆုံးသူ ၂ ဦးကိုလည်း PDF တွေဆိုပြီး အထက်ကို တင်ပြထားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article