25.7 C
Yangon

ကျောက်မဲတွင် စစ်တပ်၏တိုက် ခိုက်မှုများကြောင့် ၁၂ ရက်အတွင်း ပြည်သူ ၂၉ ဦးသေဆုံးပြီး ပြည်သူ ၉၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်မှ တိုက်ခိုက်မှုများကြောင့် ဩဂုတ်လ ၁၈ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ပြည်သူ ၂၉ ဦးသေဆုံးခဲ့ပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကျောက်မဲမြို့တွင် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရသူ ပြည်သူအများစုမှာ ဘုန်းကြီးကျောင်းများတွင် နေထိုင်ရင်း ထိခိုက်သေဆုံးခဲ့ကြခြင်း ဖြစ်ပြီး ပြည်သူ ၈၆၀၀ ကျော် မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ အကြမ်းဖက်စစ်တပ်သည် လေကြောင်းနှင့် လက်နက်ကြီးများနှင့် တိုက်ခိုက်မှုကို ကျောက်မဲမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ နောင်ပိန်ကျေးရွာအုပ်စုကို အဓိက ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုသည်။

“စစ်တပ်ကတော့ သူတို့ရဲ့ ဖက်ဆစ်အကျင့်အတိုင်း ပြည်သူတွေကိုဒုက္ခပေးနေဆဲပေါ့နော်၊ ဒါတွေ မရှိဖို့ဆို ဒီစစ်တပ်ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် နိုင်မှဖြစ်မှာမို့ သက်ဆိုင်ရာ Stakeholder တွေအနေနဲ့ ညီညီညွတ်ရှိပေးဖို့တောင်းဆိုချင်ပါတယ်။ ပြီးတော့တတ် နိုင်တဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအနေနဲ့ပြည်သူတွေကိုကူပေးကြပါလို့ ပြောချင်ပါတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဂုတ်ထိတ်တံတားရှိ အကြမ်းဖက်စစ်တပ်က နောင်ပိန်နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ လက်နက်ကြီးကျည်များ၊ ဒရုန်းများနှင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်သား ၇၀၀ ခန့်သည် နောင်ပိန်၏ အရှေ့တောင်ဘက် ၄ ကီလိုမီတာအကွာရှိ ထန်းတပင်ကျေးရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖစ်စစ်တပ်က နောင်ပိန်ဒေသသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် တိုက်လေယာဉ်တစ်စင်းက စစ်ဘေးရှောင် ၃၀၀ ခန့် ခိုလှုံနေသည့် ပင်တီးဘုန်းကြီးကျောင်းပေါ်သို့ ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ရိုက်ကျဲချခဲ့ကြောင်း၊ ထိုဗုံးကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ကာ ၁၀ ဦးမှာနေရာတွင် သေဆုံးခဲ့ပြီး ၁ ဦးမှာ စက်တင်ဘာ ၄ ရက်နေ့တွင် လားရိူးဆေးရုံ၌ သေ ဆုံးခဲ့ကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၀ ရက်နေ့တွင်ပင် လုပ်ပါကျေးရွာပေါ်သို့ နောက်ထပ် ပေါင် ၅၀၀ ဗုံးတစ်လုံး ကျဲချခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ လေကြောင်းတိုက်ခိုက်မှုများသည် ဘုန်းကြီးကျောင်းများကို တိုက်ရိုက်ပစ်မှတ်ခဲ့ခြင်းဖြစ်ပြီး နောင်ပိန်ရှေ့တန်းစစ်မျက်နှာ တစ်ဝိုက်တွင်သာမက ကျောက်မဲနှင့် မိုင်းငေါ့မြို့များပေါ်သို့ပါ စက်တင်ဘာလ ၆ ရက်နေ့အထိ စစ်တပ်က နေ့စဉ်ဆက်တိုက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၂၃ ရက်နေ့တွင်လည်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ ကွန်းစလမ်းကျေးရွာဘုန်းကြီး ကျောင်းအတွင်းသို့ တိုက်လေယာဉ်နှင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချခဲ့ရာ လူငယ် ၁ ဦး သေဆုံးခဲ့ပြီး ရဟန်းနှစ်ပါး၊ ကိုရင်တစ်ပါးအပါအဝင် အခြားပြည်သူ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်တပ်၏ တိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ အမှတ် ၇ ရပ်ကွက် အတွင်းသို့ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကျဲချခဲ့ရာ ဝါဆိုကျောင်းတိုက်ရှိ ကိုရင်သုံးပါးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

လေကြောင်းတိုက်ခိုက်မှုများအပြင် အကြမ်းဖက်စစ်တပ်၏ ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်လုယက်မှုများလည်းကျူးလွန်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် နောင်ပိန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်သားများက ဝင်ရောက်လုပ်ယက်ခဲ့ပြီး အဆိုပါ နေအိမ်ရှိ ပြည်သူများကို ပစ်ခတ်ခဲ့၍ ပြည်သူ ၁ ဦးသေဆုံးပြီး ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ပြီး နောက်တစ်နေ့တွင်လည်း ထန်းတပင်ရွာရှိ နေအိမ်တစ်လုံးတွင် ခိုလုံနေသည့် စစ်ရှောင်ဇနီးမောင်နှံ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် နောင်ပိန်နှင့် အနီးတဝိုက်ကျေးရွာများမှ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်အများစု ပါဝင်သော ကျေးရွာသား ၈,၀၀၀ ကျော်သည် ကျောက်မဲမြို့နယ်တောင်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၄၀ ကျော်နှင့် အချို့မှာ သီပေါမြို့အရှေ့ မြောက် ဘက်ရှိကျေးရွာများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

စစ်ဘေးရှောင်အများစုသည် ကျေးရွာဘုန်းကြီး ကျောင်းများတွင် ခိုလှုံနေကြရပြီး သောက်သုံးရေ၊ အစားအသောက်၊ ဆေးဝါးနှင့် အခြားအခြေခံလိုအပ်ချက်များ ပြတ်လပ်မှု နှင့် ရင်ဆိုင်နေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထောက်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article