ရန်ကုန်၊ စက်တင်ဘာ ၁၀
ပြည်သူက စစ်ခွေးဟုခေါ်ဆိုသည့် အကြမ်းဖက်စစ်တပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ် ဆင်နွှဲမည်ဖြစ်ပြီး ဟန်ချက်ညီရန် အရေးကြီးဆုံးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးလိုက်သည်။
ယနေ့ ထုတ်လွှင့်သည့် PVTV သတင်းဌာနနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်းတွင် ဟန်ချက်ညီ အထွေထွေထိုးစစ်ဆင်မည်ဖြစ်ပြီး တော်လှန်ရေး အလှည့်အပြောင်း ဖန်တီးနိုင်ရန် အထွေထွေထိုးစစ်က မဖြစ်မနေ လုပ်ဆောင်ရမည့် အလုပ်ဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ ဟန်ချက်ညီရေး ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အထွေထွေထိုးစစ်ဆိုတာကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီစစ်ဆင်ဖို့ဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးအလှည့်အပြောင်းကိုဖန်တီးနိုင်ဖို့ဆိုရင် ဒီအလုပ်ကမဖြစ်မနေလုပ်ရမယ့် အလုပ်လို့ပဲ ကျနော်တို့ နားလည်ပါတယ်။ ဒီအလုပ်ကိုလုပ်နိုင်ဖို့လည်း အခြေအနေပေးမှုတွေ အခင်းအကျင်းတွေ ရှရှိထားပြီဖြစ်ပါတယ် ။ အခုဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ တည်ဆောက် ဖြန့်ကျက် ထားပြီးခြင်းဖြစ်တယ်။ ကျနော်တို့ရဲ့ ညီနောင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆိုရင်လည်း ဒေသအလိုက်မရပ်မနား တိုက်ပွဲဝင်နေကြခြင်းပဲဖြစ်ပါတယ်။ အရေး ကြီးဆုံးကတော့ ကျနော်တို့ဟန်ချက်ညီဖို့ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟု ဦးရည်မွန်က ရှင်းပြသည်။
လက်ရှိတွင် စစ်တပ်က ဆုံးရှုံးမှုကြီး ၂ ခု ကြုံတွေ့ခဲ့ရပြီဖြစ်ကြောင်း၊ ပထမဆုံးရှုံးမှုမှာ စစ်ဝါဒကျဆုံးခြင်းဖြစ်ပြီး ဒုတိယဆုံးရှုံးမှုမှာ ပြည်သူလူထုက စစ်ခွေးဟု ခေါ်သည်အထိ စက်ဆုပ်ရွံ့ရှာမှု ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“လက်ရှိတော်လှန်ရေးအခြေအနေကိုနားလည်ဖို့ဆိုရင်တော့ သူ့ဘက်ကိုယ့်ဘက်နှစ်ဘက်လုံးမြင်အောင် ကြည့်ဖို့လိုပါလိမ့်မယ်။ အကြမ်းဖက်စစ်အုပ်စုအဖို့ဆိုရင် အခုအချိန်ထိ ကြီးမားတဲ့ဆုံးရှုံးမှုနှစ်ခုကြုံခဲ့ပြီလို့ မြင်ပါတယ်။ ပထမဆုံးရှုံးမှုကတော့စစ်ဝါဒကျဆုံးခြင်းပေါ့ဗျာ။ စစ်တပ်က နိုင်ငံရေးမှာဦးဆောင်ပါဝင်ရမယ်ဆိုတဲ့အချက်ကို တော်လှန်ရေးအင်အားစုအားလုံးက ဒါ တညီတညွတ်တည်း ပယ်ချထားပြီးဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က NCA ၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲ ဘာကိုမှ လက်ခံလိမ့်မယ် မဟုတ်ဘူး။ ဒုတိယဆုံးရှုံးမှုကတော့ အကြမ်းဖက်စစ်တပ်အပေါ် ပြည်သူရဲ့စက်ဆုပ်ရွံရှာမှု ၊ ပြည်သူကစစ်ခွေးလို့ခေါ်တယ်ဆိုတာ အကြောင်းမဲ့တော့မဟုတ်ဘူး။ လူစိတ်မရှိတဲ့ ဒီအကြမ်း ဖက် လက်နက်ကိုင်အဖွဲ့ကို တပ်မတော်လို့ သတ်မှတ်ပြီးတော့ တိုင်းပြည်အိမ်ဦးခန်း ဆက်ထားဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ပဲပြောရမှာပဲ။ တိုင်းပြည်ဘဏ္ဍာကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်စိတ်ကြိုက်သုံးစွဲပြီးတော့ တည်ဆောက်ထားတဲ့ စစ်တပ်ကြီးပေါ့ဗျာ။ ဒီစစ်တပ်ကြီးက ပြည်ပကျူးကျော်စစ် မဆိုနဲ့ဦး အခုလို တူမီးနဲ့စတဲ့ ပြည်သူ့ခုခံစစ်တစ်ခုကြုံရုံနဲ့ကို အလဲလဲကွဲကွဲဖြစ်နေတယ်ဆိုတာ ဒါကျနော်တို့မျက်မြင်ပဲ” ဟု ဦးရည်မွန်က ပြောသည်။
အကြမ်းဖက်စစ်တပ်မှာ ဟန်သာရှိပြီး အဆန်မရှိတော့သော တပ်ဖြစ်ပြီး ပြည်သူလူထုကို ဦးတည် သတ်ဖြတ်နေကြောင်း၊ ထို့ကြောင့် ပြည်သူလူထုက စစ်တပ်၏ လက်အောက်တွင် ဆက်၍ မနေရန် စိတ်ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
“တိုင်းပြည်အချုပ်အခြာအာဏာကာကွယ်ဖို့အတွက် ဒီတပ်ကို ပြည်သူတွေအနေနဲ့ ဘယ်လိုအားကိုးနိုင်တော့မလဲ။ဟန်သာရှိပြီးတော့ အဆန် မရှိတဲ့တပ်၊ စိတ်ဓာတ်ကျင့်ဝတ်စည်းကမ်း အားလုံးခြွတ်ခြုံကျပြီးတော့မှ နေ့စဉ်နဲ့အမျှ ပြည်သူကို ဗုံးကြဲ မီးရှို့ပြီး သွေးအေးအေးနဲ့သတ်ဖြတ်နေတဲ့ ဒီအကြမ်းဖက်စစ်တပ်ဆိုတာ ပြည်သူတွေကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရပြီလို့ ပြောလို့ရပါတယ်။ဒီလိုလူမဆန်တဲ့အကြမ်းဖက်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး ဆိုတာလည်းပြည်သူတွေအနေနဲ့စိတ်လုံးလုံးချပြီးဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
