ရန်ကုန်၊ စက်တင်ဘာ ၁၁
မန္တလေးမြို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ကိုခင်မောင်ဝင်းကို အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်က နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီး ငွေကျပ် သိန်း ၂၀၀ ကျော်ဖြင့် အဆင့်ဆင့်ရောင်းချခဲ့ကြောင်း အကြမ်းဖက် စစ်တပ်ထံမှ ထွက်ပြေး လွတ်မြောက်လာသော ကိုခင်မောင်ဝင်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ကိုခင်မောင်းဝင်းသည် မန္တလေးမြို့ရှိ သီတာမော်ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းဖြစ်ပြီး အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် ထွန်းမော် ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူများက နေအိမ်သို့ ထမင်းဖိတ်ကျွေးမည်ဟု ခေါ်ဆောင်ကာ စစ်တပ်ထဲ ဝင်ရမည်ဟု ပြောဆိုပြီး မီးရှို့ခြင်း၊ ဓားဖြင့်မွှန်းခြင်း၊ ဝိုင်းဝန်းရိုက်နှက်ခြင်းများ လုပ်ဆောင်ပြီး စက်မှု ၁ မှ ဗိုလ်ကြီး ၁ ဦးထံ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ခံရပြီးနောက် ကိုခင်မောင်းဝင်က စက်မှု ၁ မှ ဗိုလ်ကြီး ၁ ဦးက ပြင်ဦးလွင်မြို့ ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူးရုံးထံသို့ ငွေကျပ် သိန်း ၅၀ ဖြင့် ရောင်းချခဲ့ကြောင်း၊ ထိုမှ တဆင့် အုပ်ချုပ်ရေးမှူးက မြန်ပြေသာရွာမှ စစ်မှုထမ်းပွဲစား လုပ်ဆောင်နေသူ ၁ ဦးထံသို့ ငွေကျပ် သိန်း ၇၀ ဖြင့်ထပ်မံ ရောင်းချခဲ့ကြောင်း သိရှိရသည်။
မြန်ပြေသာကျေးရွာမှ တဆင့် ကိုခင်မောင်းဝင်းကို စစ်မှုထမ်း ပွဲစားက မကွေးမြို့၊ ကန်တော်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ငွေကျပ် သိန်း ၁၀၀ ဖြင့် ထပ်မံရောင်းချခံရပြီးနောက် စစ်မှုထမ်း တပ်သားသစ် အဖြစ် မင်းဘူးမြို့ တပ်မ ၈၈ သို့ စတင်ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ရှမ်းပြည်တောင်ပိုင်း ဟိုပုံးသင်တန်း ကျောင်းတွင် စစ်သင်တန်း ၁၂ ပတ်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စစ်သင်တန်း တက်ရောက်စဉ်ကလည်း ညစ်ပတ်နေသည့် အစားအသောက်များသာ ကျွေးမွေးသောကြောင့် အာဟာရပြတ်ခဲ့ကြောင်း၊ ထို့ပြင် အမှိုက် ကောက်ခိုင်းခြင်း၊ အိမ်သာ ဆေးခိုင်းများ နေ့စဉ်လုပ်ဆောင်ခိုင်းပြီး မန္တလေးမြို့ နန်းတွင်းထဲတွင် မွန်းမံသင်တန်း ၂ ပတ်ထပ်မံ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ထွန်းမော် ရပ်ကွက်က အုပ်ချုပ်ရေးမှူးသားတွေက ကျွန်တော့်ကို ထမင်းကျွေးမလိုလိုနဲ့ ခေါ်ပြီးတော့ မင်းစစ်တပ်ထဲ ဝင်ရမယ်ဆိုပြီးတော့ မီးတွေနဲ့ရှို့၊ ဓားတွေနဲ့မွှန်း၊ ပါးတွေရိုက်၊ လက်သီးတွေနဲ့ထိုး အဲ့လို တစ်ညလုံး နှိပ်စက်ကြပါတယ်။ နှိပ်စက်ပြီးတော့မနက်မိုးလင်းတော့ အဲဒီစက်မှု ၁ က ဗိုလ်ကြီးဆီကို ဆိုင်ကယ်နဲ့ လိုက်ပို့ပါတယ်။ အဲ စက်မှု ၁ က ဗိုလ်ကြီးကနေပြီးတော့ ကျွန်တော့်ကို ပြင်ဦးလွင်ကို ရောင်းပါတယ်။ သိန်း ၅၀ နဲ့ ပြင်ဦးလွင်ကို ရောက်ပါတယ်။ ပြင်ဦးလွင် ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူးကနေပြီးတော့ မြန်ပြေသာရွာက လူတစ်ယာက်ဆီကို သိန်း ၇၀ နဲ့ ရောင်းပါတယ်။ မြန်ပြေသာရွာကနေပြီးတော့ မကွေးမင်းဘူးက ကန်တော်ကြီးကျေးရွာက အုပ်ချုပ်ရေးမှူးကနေပြီးတော့ ကျွန်တော့်ကို သိန်းတစ်ရာနဲ့ ဆိုပြီးတော့ လာဝယ်တာဖြစ်ပါတယ်။ အဲနောက် မကွေး မင်းဘူးမြို့ရဲ့ ၈၈ တပ်မကို ရောက်ပြီး စစ်မှုထမ်းတပ်သားသစ် အဖြစ် ရှမ်းပြည်တောင်ပိုင်း ဟိုပုံးသင်တန်း ကျောင်းမှာ တက်ရောက်ခဲ့ရပါတယ်” ဟု ကိုခင်မောင်ဝင်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထိုသို့ စစ်သင်တန်း တက်ရောက်ပြီးနောက် သပိတ်ကျင်းမြို့နယ် အတွင်း ၇ မိုင်ရွာ စစ်ကြောင်းထိုးရာတွင် လိုက်ပါခဲ့ရကြောင်း၊ ထိုမှ တစ်ဆင့် ရှေ့တန်း၌ ကင်းစောင့်နေစဉ် ဖုန်းပြောမိသည်ကို ဗိုလ်မှူး တစ်ဦးက တွေ့မြင်ခဲ့ပြီး ဝိုင်းရိုက်နှက်ကာ သေဆုံးသည်ဟု ထင်မှတ်ပြီး တောထဲတွင် ပစ်ထားခဲ့ရာမှ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်ဖုန်းပြောနေတာကို ဗိုလ်မှူးက တွေ့ပြီး ခြေထောက်နဲ့ စောက်ခွက်ကို ပစ်ကန်တယ် ပစ်ကန်ပြီးတော့ သေနတ်ဒင်လေးနဲ့ထုတယ် ထုပြီးတော့ ကြိုးကို လက်နဲ့ လက်ပြန်ကြိုးတုပ်ပြီးတော့ ကျွန်တော့်ကို ဒရက်ဆက် ရွာလုံးပတ်ဆွဲပြီးတော့ ဘုန်းကြီးကျောင်းမှာ ရိုက်တာ လူတွေက အများကြီးဗျ အယောက်တစ်ဆယ် နှစ်ဆယ်ဝိုင်းရိုက် ရိုက်ပြီးတော့ ကျွန်တော့်ကို နေပြီးတော့ နှိပ်စက်တာပေါ့ဗျာ။ သေအောင်နှိပ်စက်တယ်။ ပြီးရင် သေပြီဆိုပြီးတော့ ကျွန်တော်တို့တောထဲမှာ အဲ့လိုခွေးစားစား၊ ကြောင်စားစားဆိုပြီးတော့ အဲ့လိုပစ်ထားလိုက်တာ။ ပစ်လည်း ပစ်ထားရော ကျွန်တော်က သတိလစ်နေတော့ မိုးလင်းမှ ကျွန်တော်နိုးလာတော့ ကျွန်တော်က မသေသေးလို့ ထွက်ပြေး လွတ်မြောက်လာခဲ့တာပါ” ဟု ကိုခင်မောင်ဝင်း က ဆက်လက်ပြောဆိုသည်။
