ရန်ကုန်၊ စက်တင်ဘာ၁၃
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နီပေါနိုင်ငံမှ ဆန္ဒပြမှုများကို လေ့လာပြီး သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင် အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။
နီပေါနိုင်ငံတွင် စက်တင်ဘာလ ၈ ရက်နေ့ အစိုးရက လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်မှုအပေါ် Gen Zလူငယ်မျိုးဆက်များက စတင်ဆန္ဒပြခဲ့ရာမှ အစိုးရ၏ အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ယင်းနောက် နီပေါဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli ဦးဆောင်သော အစိုးရ အဖွဲ့ ပြုတ်ကျသွားခဲ့သည်။
ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် နီပေါသမ္မတက တရားသူကြီးချုပ်ဟောင်း Sushila Karkiကို အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ နီပေါ ဆန္ဒပြမှုများတွင် Gen Zလူငယ်မျိုးဆက်များက အဓိက ဦးဆောင်ပြီး အစိုးရဝန်ကြီးများမှာ လမ်းပေါ်တွင် ထွက်ပြေးရသည်အထိ ဖြစ်ခဲ့ရသည်။
နီပေါနိုင်ငံမှ အဆိုပါဆန္ဒပြမှုများနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်က ဆိုရှယ်မီဒီယာများအား မှတ်ပုံတင်ရန် ဆောင်ရွက်ခြင်းမှ စတင်၍ ဖြစ်ပေါ်လာသည်ဟု သိရှိရကြောင်း၊ ဆန္ဒပြမှုများ၏ နောက်ကွယ်တွင် အင်အားကြီးနိုင်ငံတချို့ ပါဝင်နေသည်ဟု လေ့လာသိရှိရကြောင်း၊ နီပေါနိုင်ငံမှ ဆန္ဒပြမှုများကို မိမိတို့နိုင်ငံအတွက် သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်သွားရန် လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။
နီပေါ နိုင်ငံ ဆန္ဒပြပွဲတွင် ခတ္တမန္ဒူ မြို့တော်ရှိ နီပေါ လွှတ်တော် အဆောက်အအုံနှင့် အစိုးရ ဝန်ကြီးချုပ် အိမ်တော်တို့ကိုပါ ဆန္ဒပြသူလူငယ်များက မီးတင်ရှို့ခဲ့ပြီး ဝန်ကြီးများကိုလည်း လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။
နီပေါ ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နီပေါပြည်သူများနှင့် လူငယ်များ သေဆုံးခဲ့ပြီး နီပေါစစ်တပ်ကမူ ပြည်သူများဘက်မှ ရပ်တည်ခဲ့သဖြင့် အကျင့်ပျက်ခြစားသော နီပေါ အစိုးရ ပြုတ်ကျသွားခဲ့ရသည်။
ဆန္ဒပြမှုများကြောင့် ပြုတ်ကျသွားခဲ့သော နီပေါအစိုးရဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli မှာ ယခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် BIMSTEC အစည်းအဝေးတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ခဲ့ဖူးသူဖြစ်သည်။


