ရန်ကုန်၊ စက်တင်ဘာ ၁၃
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၂၇ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံး ၁၃ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှု မရှိသော်လည်း နွား ၂ ကောင်သာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေကတော့ ထိခိုက်မှုမရှိပါဘူး။ နွား ၂ ကောင်ပဲ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ နံနက် ၆ နာရီ ၂၇ မိနစ်ကနေ ၅၁ မိနစ်ထိ ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်တာ ဗုံး ၁၃ လုံးကျဲချသွားတယ်။ ပြည်သူတွေကတော့ စစ်ခွေးတွေ နေ့တိုင်းလိုလို ဗုံးကျဲနေလို့ ရွာတွေထဲမှာမအိပ်ရဲဘဲ ရွာပြင်ထွက်ပြီး အိပ်စက်နေရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ တောင်သာမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးက ရုံးစည်ကြီးရွာ မြောက်ဘက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင် စစ်ကြောင်းကလည်း ကျေးရွာအတွင်း နေအိမ်များကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သာစည်မြို့နယ်၊ ဖိုးသာမိုင်းရွာတွင် ၁ လနီးပါးကြာ တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိချိန်တွင် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“သာစည်မြို့နယ် ဖိုးသာနိုင်းရွာမှာ စစ်ခွေးတွေ တစ်လနီးပါးတပ်စွဲထားပြီး လက်နက်ကြီး အမြောက်အများနဲ့ ပစ်ခတ်နေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်ရှိချိန်မှာ တိမ်းရှောင်နေရတာ ကြာလာတော့ ပြည်သူတွေ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပါတယ်” ဟု အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ တစ်ရွာကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)
