26.3 C
Yangon

တရားမဝင် ကုန်သွယ်မှုများရှိနေသရွေ့ ငြိမ်းချမ်းရေး ခက်ခဲမည်ဖြစ်၍ အရေးယူရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာနိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများရှိနေသရွေ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး ခက်ခဲမည်ဖြစ်၍ ထိထိရောက်ရောက် အရေးယူရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောဆိုပြန်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အကြမ်းဖက်စစ်တပ်၏ အစည်းအဝေးတွင် မင်းအောင်လှိုင်ကထိုသို့ ထပ်မံ ပြောဆိုလာခြင်းဖြစ်ပြီး တရားမဝင်ကုန်သွယ်ရေး တိုက်ဖျက်ရန်နှင့် တရားဝင် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တိုက်တွန်းပြောဆိုလျက်ရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။

တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ထိရောက်စွာ တားဆီးနှိမ်နင်းသွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း နယ်စပ်ဂိတ်များ တရားဝင်ဖွင့်လှစ်နိုင်ရေးသက်ဆိုင်ရာနိုင်ငံများနှင့် တိုက်တွန်း ပြောဆိုလျက်ရှိကြောင်း၊ နယ်စပ်ဂိတ်များတရားဝင်ဖွင့်လှစ်နိုင်မှုမရှိဘဲ တရားမဝင် ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းသည် ကျားသေကို အသက်သွင်းခြင်း၊ သူခိုးဓားရိုးကမ်းခြင်းပင်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်ပြောသည်။

တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့လက် နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများနှင့် ထိစပ်နေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက်ကိုင်တွယ်ကြပ်မတ်သွားရန်လိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုများရှိနေသရွေ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး ခက်ခဲနေမည်ဖြစ်သဖြင့်ပါဝင်ပတ်သက်နေသူများအားလုံးကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း မင်းအောင်လှိုင်က အစည်းအဝေးတွင် အမိန့်ပေးပြန်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားမဝင် ကုန်သွယ်ရေး ဟု အကြောင်းပြကာ ပြည်တွင်းသို့ ပြည်ပမှ သွင်းကုန်များ တင်သွင်းမှုများကိုလည်း ပိတ်ပင်ထားပြီး ပြည်တွင်းတွင် လူသုံးကုန်၊ ဆေးဝါးနှင့် ပြည်ပမှ သွင်းကုန်များစွာ ပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

“ပြည်ပကနေ သွင်းကုန် ဘာပဲ ဖြစ်ဖြစ် တင်သွင်းမယ်ဆိုရင် Export Earning ရှိရမယ်ဆိုတဲ့ မူအရ အကုန်ပိတ်ထားတာ။ စီးပွားရေးသမားတိုင်းက ပြည်ပကို ပို့ကုန်တွေ ပို့ပြီး ဒေါ်လာ ရနေတာမဟုတ်ဘူး။ Export Earning ဒေါ်လာရှိမှ သွင်းကုန်သွင်းရမယ်ပြောတယ်။ ဒါပေမယ့် အဲဒီ Exporting Earning ဒေါ်လာကလည်း ဝယ်မရ ပြုမရ ဖြစ်နေတယ်။ သွင်းကုန် သမားတွေ အကုန်ဒုက္ခရောက်နေရတယ်။ ပို့ကုန်သမားတွေလည်း မကိုက်ကြဘူး။ သွင်းကုန်ရော ပို့ကုန်ရော အကုန် ဒုက္ခရောက်နေတာပါ” ဟု UMFCCI မှ စီးပွားရေးသမားက ရှင်းပြသည်။

အကြမ်းဖက်မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ငွေကြေးများကို ပိတ်ဆို့ခံထားရ၍ တိုင်းပြည်အတွင်းသို့ သွင်းကုန်ပမာဏ ကန့်သတ်ချက်များ ပြု လုပ်ထားရကြောင်း ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် အတွင်း ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article