26.3 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာရွာနှင့် ကျောက်ဖြာရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာရွာနှင့် ကျောက်ဖြာရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း သပိတ်ကျင်းမြိုနယ် ညောင်ပင်သာကျေးရွာမှ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ အကြမ်းဖက် စစ်တပ်က ယနေ့ ညနေ ၄ နာရီဝန်းကျင်ခန့်တွင်လည်း သပိတ်ကျင်းမြိုနယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၄၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို လေကြောင်း တိုက်ခိုက်မှုအတွင်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီးရှိ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“သပိတ်ကျင်းမြို့နယ်မှာဆိုရင် လမ်းလယ်ကျစ်ကျေးရွာနဲ့ ရေပူချောင်းကျေးရွာအနီးတဝိုက်မှာတော့ တိုက်ပွဲ တွေဖြစ်နေတာရှိတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်ကော်မရှင်ဘက်က တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ကျေးရွာတော်တော်များများကိုလည်း နေ့စဉ်နဲ့အမျှလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ တွေ့ ရပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လေကြောင်းတိုက်ခိုက်၍ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက် ဖျက်ဆီးလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article