ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့တွင် စစ်တပ် လုံခြုံရေးဘယ်ရီဂိတ်တွင် ယနေ့နံနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့နှင့် ၃၁ လမ်းတွင် နေထိုင်သော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေးဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗုံးပေါက်တာ မှန်တယ်။ ကားဘီးပေါက်တယ်ပဲထင်တာ။ လမ်းထိပ်ထွက်ကြည့်မှ ရဲကား၊ စစ်ကားနဲ့ မီးတန်းကားတွေ ရောက်လာတယ်။ ပြီးတော့ ခဏ ဓာတ်ပုံတွေရိုက်၊ ကားတွေ တားပြီး ဗုံးရှိ၊ မရှိထပ်စစ်ဆေးတယ်။ သူတို့ ရှင်းလင်းရေး လုပ်တာလည်း ၁၅ မိနစ်လောက်ပဲ။ ထိခိုက်သူမရှိဘူး” ဟု ၃၁ လမ်းတွင် နေထိုင်သော ပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော ဗုံးပေါက်ကွဲခဲ့သည့်နေရာကို လူအသွားအလာ မလုပ်ရန် ကန့်သတ်ထားသည်မှလွဲ၍ ပုံမှန်အတိုင်း ကားများ သွားလာခွင့်ပြုထားကြောင်း၊ ရဲနှင့်စစ်သားတချို့ မြို့တော်ခန်းမဝင်းအတွင်း လက်နက်ကိုင်ဆောင်၍ လုံခြုံရေး စောင့်ကြည့်မှုရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ပင် ဗုံးပေါက်ကွဲခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
