ရန်ကုန်၊ စက်တင်ဘာ ၂၀
အာဏာရှင်ဟောင်း သန်းရွှေ အကောင်အထည်ဖော်ခဲ့သော စိန်တစ်လုံး သရက် စိုက်ပျိုးရေးဇုန် စီမံ ကိန်းမှ မြေကွက်များကို မင်းအောင်လှိုင်အမိန့်ဖြင့် ပြန်လည် သိမ်းယူလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အာဏာရှင်ဟောင်း သန်းရွှေက ၂၀၀၆ ခုနှစ်တွင် နေပြည်တော်ကို အထိုင်ချမြို့တည်ပြီးနောက် ၂၀၁၀ ခုနှစ်တွင် စိန်တလုံးသရက်စိုက်ပျိုးရေးဇုန်ကို ထူထောင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးရေးဇုန်ကို ထူထောင်ရာတွင် ဇုန် ၁ နှင့် ဇုန် ၂ အဖြစ် ထူထောင်ခဲ့ပြီး ဇုန် ၁ တွင် အာဏာရှင်ဟောင်း သန်းရွှေမိသားစုက မြေ ကွက် ဧက ၅၀၀ ကျော်ရယူခဲ့ကြောင်း၊ ထိုအချိန်က ထိပ်တန်းဗိုလ်ချုပ်များဖြစ်ကြသည့် ရွှေမန်း၊ သိန်းစိန်၊ ဌေးဦး၊ စိုးနိုင် အပါအဝင် ဗိုလ်ချုပ်ဟောင်းများနှင့်ဝန်ကြီးဟောင်းများကိုလည်း စိန်တလုံးသရက်စိုက် ပျိုးရေးဇုန်တွင် အနည်းဆုံးမြေဧက ၅၀ မှ ဧကရာ ချီချထားပေးခဲ့ကြောင်း သိရှိရသည်။
အာဏာရှင်ဟောင်း သန်းရွှေက စိန်တစ်လုံးသရက်စိုက်ပျိုးရေးဇုန် ၁ အဖြစ် နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိ၊ ဥတ္တသီရိ၊ လယ်ဝေးနှင့်တပ်ကုန်းမြို့နယ်တွင် အကောင်အထည်ဖော်ခဲ့ပြီး စိန်တစ်လုံးသရက် စိုက်ပျိုးရေးဇုန် ၂ အဖြစ် ရမည်းသင်းနှင့်ပျော်ဘွယ်မြို့နယ်တို့တွင် အကောင်အထည်ဖော်ခဲ့ကြောင်း သိရှိရသည်။
“ဦးသန်းရွှေလုပ်ခဲ့တဲ့ စိုက်ပျိုးရေးဇုန်စီမံကိန်းက မြေကွက်တွေ အတော်များများ ပြန်သိမ်းယူသွားတယ်။ အကြောင်းပြချက်ကတော့ သရက်စိုက်ပျိုးရေးဇုန်မှာ သရက်ပင် စိုက်ပျိုးခြင်းမရှိလို့ ဆိုပြီး ပြန်သိမ်းသွားတာ။ သိရသလောက်တော့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း ဦးသန်းဌေးနဲ့ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်သိန်းတို့ အပါအဝင် တော်တော်များများ ဗိုလ်ချုပ်ဟောင်းတွေရဲ့ မြေကွက်တွေ အသိမ်းခံရတယ်။ အသနားခံစာ တင်တာတွေလည်း လက်မခံဘူးလို့ သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အာဏာရှင်ဟောင်း သန်းရွှေရယူထားသော စိုက်ပျိုးရေးဇုန် မြေကွက်များတွင်မူ နှစ်စဉ် စိန်တစ်လုံးသရက်များကို ပုံမှန် စိုက်ပျိုးနေပြီး တစ်နှစ်လျှင်ငွေကျပ် သိန်း ၂၅၀ မှ စတင်၍ ပုတ်ပြတ်စနစ်ဖြင့် သရက်သီးများကို ပြန်လည် လက်လွှဲရောင်းချကြောင်း၊ ပြန်လည် အသိမ်းခံရသော စိုက်ပျိုးရေးဇုန်မှ မြေကွက်များတွင် အာဏာရှင်ဟောင်း သန်းရွှေ၏ မြေကွက်များ မပါဝင်ကြောင်း သိရှိရသည်။
“ပြန်သိမ်းတဲ့အထဲမှာတော့ ဦးသန်းရွှေယူထားတဲ့ စိုက်ပျိုးရေးဇုန် မြေကွက်တွေ မပါဘူး။ ဦးသန်းရွှေကလည်း နှစ်တိုင်း ပုံမှန် သရက်စိုက်တယ်။ မှည့်ချိန်ရောက်ရင် ပုတ်ပြတ်စနစ်နဲ့ ပြန်ရောင်းတယ်။ အဲဒါကို ဦးသန်းရွှေရဲ့ အရင် ကိုယ်ရေးအရာရှိဟောင်း ဗိုလ်ချုပ်နေဝင်းတို့က လုပ်ပေးနေတာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
မင်းအောင်လှိုင်က သန်းရွှေအကောင်အထည်ဖော်ခဲ့သော စိန်တစ်လုံးသရက်စိုက်ပျိုးရေးဇုန်မှ မြေ ကွက် များကို ပြန်လည် သိမ်းယူရာတွင် ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ထားခဲ့သော မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပေဒဖြင့် ပြန်လည် သိမ်းယူခြင်းဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။
နေပြည်တော်စတင်ထူထောင်ချိန် စိန်တစ်လုံးသရက်စိုက်ပျိုးရေးဇုန် ၁ နှင့် ဇုန် ၂ မှ မြေကွက်များမှာ တန်ကြေးမရှိသော်လည်း ယခုအခါ ယင်းစိုက်ပျိုးရေးဇုန်မှ မြေကွက်များမှာ တန်ကြေးအားဖြင့် သိန်းထောင်ချီ ရှိလာကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင်က သရက်စိုက်ပျိုးရေးဇုန်တွင် သရက်ပင်မစိုက်၍ ပြန်သိမ်းယူသည်ဟုဆိုကာ မြေကွက်များကို ပြန်လည် ရယူခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
