စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းပျူစောထီးရွာ၌ အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းမှ စစ်သား အင်အား ၁၈၀ ခန့်ပါသော စစ်ကြောင်းသည် လှည်းပွဲကျေးရွာကို ဝင်ရောက် စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်သားများ နေအိမ်များကို မီးရှို့နေစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၄ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“မနေ့က ညနေ ချပ်သင်းကနေ ထွက်လာ ထွက်ခဲ့ စခစစ်ကြောင်းက ချပ်သင်းတောင်ဘက်က လှည်း ပွဲ ရွာကို မီးရှို့နေတုန်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်တာ၊ စခ ၄ ဦးသေတယ်၊ ၃ ဦး ဒဏ်ရာရတယ်လို့ မြေပြင်သတင်းရထားပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မုန်တိုင်း ဦးစီးသည့် ကန့်ဘလူခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၄ နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ရဲဗိုလ်လေးနှင့် ရဲတပ်သားများ အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဗိုလ်လေး ၂ ဦး၊ ရဲတပ်သား ၂ ဦး ၊ ရဲမိသားစုဝင် ၄ ဦးနှင့် အချုပ်သား ၃ ဦး တို့ကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ပြီး တိုက်ပွဲအတွင်း ရဲများထံမှ G-3 သေနတ် ၉ လက်၊ G-4 သေနတ် ၁ လက်၊ MA-15 သေနတ် ၁ လက် နှင့် ပစ္စတို သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
