25 C
Yangon

ရွှေကျင်၊ မူးမြို့နယ်၊ ကျောက်ကြီး၊ မြင်းခြံနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး နေအိမ်နှင့်စာသင်ကျောင်းများ ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွှေကျင်၊ မူးမြို့နယ်၊ ကျောက်ကြီး၊ မြင်းခြံနှင့် စဉ့်ကူးမြို့နယ်တို့တွင် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး နေအိမ်နှင့်စာသင်ကျောင်းများ ပျက်စီးသွားကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ KNU အုပ်ချုပ်ရေးနယ်မြေများများသို့ စစ်တပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သား ပြည်သူ ၃ ဦး ထိခိုက်ပြီး နေအိမ် ၁ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ရွှေကျင်မြို့နယ်၊ ကောက်မယ်သူကျေးရွာအတွင်းသို့ ညောင်လေးပင်မြို့ အခြေစိုက် ခလရ ၂၀ တပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း၊ အလားတူ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က ၈၁မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ညောင်ပင်သာကျေးရွာအတွင်းသို့ ကျ‌ရောက်ပေါက်ကွဲပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၈မိနစ်အချိန် ရွှေကျင်မြို့ အခြေစိုက် စစ်တပ်လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်းက ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ သစ်ချဆိပ်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး‌ အသက် ၅၃ နှစ်အရွယ် ဒေါ်မိုးခိုင် ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ရွှေကျင်မြို့ရှိ ခမရ ၃၅၁ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ တိုင်ပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စောမာထူး ထိခိုက် ဒဏ်ရာ ရရှိခဲ့ရကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်တွင်ပင် ရွှေကျင်မြို့ ခမရ ၃၅၁ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ပရဲစီကျေးရွာအနီးပတ်ဝန်းကျင်သို့ ကျ‌‌ရောက်ပေါက်ကွဲ ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကာ ဝက် ၁ ကောင်လည်း သေဆုံးခဲ့ရကြောင်း KNU က ပြောသည်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်လည်း စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် နတ်သံကွင်းရှိ စစ်တပ်က ၁၂၀မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ညောင်တန်း ကျေးရွာစာသင်ကျောင်းဝင်းတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျောင်းအနည်းငယ် ထိမှန် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ယင်းအပြင် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခက်လန်းကျေးရွာသို့ စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲချခဲ့ရာ အသက် ၁၂ နှစ်အရွယ် မောင်ရဲလင်းနိုင်၊ အသက် ၁၉ နှစ်အရွယ် စိုင်းလင်းထက်နှင့် အသက် ၅၅ နှစ် ဒေါ်သန်းငွေတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ယက္ကန်းစင်တောင်နှင့် ကျောက်ငနွားရွာအကြား လေယာဉ်ဖြင့် ကလပ်စတာ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဗုံး ၁ လုံးမှာ မပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article