ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့သည့်အပြင် ပြင်းထန်ဒဏ်ရာရသူများတွင် ကျောင်းမှ ပြန် လာသည့် ကလေးငယ် ၂ ဦးပါဝင်ကာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆဒုံးမြို့ကို လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၊ မြစ်ကြီးနားမြို့ လေတပ်စခန်းမှ တက်လာသော တိုက်လေယာဉ်များက ၊ ဗုံးကျဲချိန်မှာ ကလေးငယ်များ ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၈ ဦးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိသူများတွင်လည်း ကျောင်းမှ ပြန်လာသည့် ကလေးငယ် ၂ ဦးလည်း ပါဝင်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။
“ဗုံးကျဲတဲ့နေရာက ဆဒုံးမှာပဲ ၂ နေရာကို ကျဲတာပါ။ တစ်နေရာမှာ ဗုံး ၂ စီနဲ့ စုစုပေါင်း ၄ ကြိမ်ကျဲပါတယ်။ ဆဒုံးမြို့အလယ်ခေါင်က လူစည်ကားရာဈေး မှာ ဗုံး ၂ လုံးကျဲချတယ်။ နောက်တစ်နေရာကတော့ ဆဒုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော် မတီရုံးမှာ ဗုံး ၂ လုံး ကျဲတယ်။ ရည်ရွယ်ချက် ရှိရှိပြည်သူတွေကို ကျဲချတာ။ သေဆုံး ၈ ဦးရှိပါတယ်။ နောက်ထပ် ဒဏ်ရာရရှိသူတွေမှာ ကျောင်းကပြန်လာတဲ့ကလေး ၂ ဦးပါ ဗုံးထိတယ်။ အခုက အဲဒီကလေး ၂ ဦးက အသက်အန္တရာယ်က စိုးရိမ်ရတယ်။ အသက်ငင်နေတယ်” ဟု ကယ်ဆယ်ရေးတွင် ပါဝင်နေသော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်၏ ဗုံးကျဲမှုကြောင့် သေဆုံးသူ ပြည်သူ ၈ ဦးတွင် ဦးမာမူးလဲ့၊ ဒေါမိတုံတိန်းလွင်၊ မ စန္ဒာ၊ ဦးအာရက်၊ ဦးအာရွက်
၊ ဦးအာရွက်၏ သား အမည်မသိရသေး၊ ကလေးငယ် ၁ ဦး၊ အမည်မသိ ပြည်သူ ၁ ဦးတို့ဖြစ်ကြောင်း ၊ ပြင်းထန်ဒဏ်ရာရ ပြည်သူများတွင် ဦးထေးလွန်၊ ဒေါ်ခေါန်ဂျာ၊ မ ခေါဝါန်၊ နှစ်ခြင်းအသင်းထောက်ဆရာ ဦး ဆဝန်နော်၊ ဦးအိုက်ယုံ နှင့် ကလေးငယ် ၂ ဦး ပါဝင်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်သို့ ဦးတည်၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ပြီး မြေပြင်တွင်လည်း ဖားကန့်၊ ၀ိုင်းမော်တို့တွင် စစ်ကြောင်းထိုးမှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရှိရသည်။


