25 C
Yangon

ထိုင်းနိုင်ငံ ၊ Calcomp လျှပ်စစ်ပစ္စည်းစက်ရုံတွင် မြန်မာ အလုပ်သမား ၁၄၅၀ ဦးကို ကြိုတင် အသိမပေးဘဲ အလုပ်ဖြုတ်မှု အလုပ်သမားများ မကျေနပ်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနထံသို့ တရားဝင်တိုင်ကြားမည်။

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်အတွင်းရှိ Calcomp လျှပ်စစ်ပစ္စည်းစက်ရုံတွင် မြန်မာ အလုပ်သမား ၁၄၅၀ ဦးကို ကြိုတင် အသိမပေးဘဲ အလုပ်မှ ဖြုတ်ပစ်ခဲ့သည့်အတွက် အလုပ်သမားအခွင့်အရေးအရ ထိုင်းအလုပ်သမားဝန်ကြီးဌာနအထိ တိုင်ကြားသွားမည်ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြန်မာအလုပ်သမားများမှာ အဆိုပါ Calcomp လျှပ်စစ်ပစ္စည်းစက်ရုံတွင် အလုပ်ဝင်နိုင်ရန်အတွက် အလုပ်သမားတစ်ဦးလျှင် အလုပ်စမတ်ခအဖြစ် ထိုင်းဘတ် ၁၉,၀၀၀ အထိ ပေးသွင်းခဲ့ရခြင်းဖြစ်ပြီး အလုပ်ဝင်လုပ်ပြီး ၃ လကျော် အကြာတွင် အလုပ်မှ ဖြုတ်ပစ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စက်ရုံသည် စမတ်ကြေး ဘတ် ၁၉၀၀၀ ယူ၍ အလုပ်သမားသစ်ခေါ်နိုင်ရန်အတွက် လက်ရှိ ရှိနေသည့် မြန်မာအလုပ်သမား ထောင်ကျော်ကို အလုပ်ဖြုတ်ပစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိကတော့ အလုပ်သမားတွေက ဒီအတိုင်းပဲ စက်ရုံထဲမှာ ရှိနေတုန်းပဲ။ အဓိကက အလုပ်ရုံဘက်က တစ်ယောက် ၁၀,၀၀၀ ပဲ ပေးပြီး လက်မှတ်အတင်းထိုးခိုင်းပြီး အလုပ်ဖြုတ်နေတာ။ အလုပ်ရုံဘက်က ဖိအားပေးနေတာ ။ ကိုရဲမင်းတို့အဖွဲ့ကိုလည်း အလုပ်ရုံထဲ ပေးမဝင်ဘူး ။ စက်ရုံဘက်က ထိုင်းရဲတွေ ခေါ်ပြီး အလုပ်သမားတွေကို စောင့်ကြည့်နေတာ။ အဲဒီ စက်ရုံက ၄ လမပြည်ခင်လေးမှာ ကပ်ကပ်ဖြုတ်တာ လျော်ကြေးမပေးရအောင်။ ဥပဒေအရ ၄ လမပြည့်ဘဲ ဖြုတ်ရင် လျှော်ကြေးပေးစရာမလိုဘူးဆိုတော့။ ဒီစက်ရုံက အလုပ်ကောင်းတယ် လူဝင်ချင်မှန်းသိတော့ ရှိတဲ့လူတွေကို ဖြုတ်ပြီး စမတ်ကြေးယူပြီး လူသစ်ပြန်ခန့်တာ လုပ်တာ။ အခုလက်ရှိ အလုပ်သမားတွေအနေနဲ စမတ်ကြေးတွေ အများကြီးပေးပြီး ခုလို အလုပ်ဖြုတ်တာကျ ကျေနပ်မှု မရှိဘူးလေ။ ဝင်တာ မကြာသေးတဲ့ လူသစ်တွေ သီးသန့် ဖြုတ်တာ မြန်မာတွေ ချည်းပဲ ။ ထိုင်းတွေ မပါဘူး ။ စမတ်ကြေးယူ လူသစ်သွင်းချင်တာနဲ့ ပေါ်တင်ကြီး လူပါးဝတာ။ လုပ်စားနေတာ” ဟု အေအေစီ ကိုရဲမင်းက ပြောပြသည်။

ထိုသို့် မြန်မာအလုပ်သမား ၁၄၅၀ ဦးကို ၄ လ မပြည့်မီ အလုပ်ဖြုတ်မှုသည် ထိုင်းဥပဒေအရ လျော်ကြေးရရန် မရှိသော်လည်း အလုပ်သမားအခွင့်အရေးအရ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ CD ရုံ၏ ရုံခွဲဖြစ်သည့် မဟာချိုင်တွင် ယခင်ကလည်း အလုပ်သမားများကို ထောင်နှင့်ချီ၍ မတရားဖြုတ်ခဲ့ဖူးပြီး ထိုကဲ့သို့ လုပ်ဆောင်သည်မှာ ၃ ကြိမ်ခန့်ရှိပြီဖြစ် ကြောင်း၊ အဆိုပါ လုပ်ရပ်များနှင့်ပါ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအတွက် အလုပ်သမားဝန်ကြီးဌာနအထိ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမားအရေးကူညီပေးနေသူများက ပြောဆိုသည်။

လက်ရှိတွင် အလုပ်သမားများသည် စက်ရုံဘက်က ပေးသည့် ဘတ်တစ်သောင်းကို လက်မခံဘဲ အလုပ်သာ ပေးရန်တောင်းဆိုထားကြောင်း သိရှိရသည်။

“စက်ရုံဘက်က အလုပ်မရှိလို့ ဖြုတ်တာလို့ ပြောတယ်။ အလုပ်မရှိဘူးဆိုရင် အလုပ်သမားတွေက ၁ လတန်သည် စောင့်မယ် အလုပ်ရှိရင် သူတို့ပဲ ပြန်ခေါ် နောက် လူသစ်မသွင်းနဲ့ ဆိုတာကျတော့လည်း သူတို့ က လက်မခံဘူး အပြီးဖြုတ်တာ။ စမတ်ခလိုချင်လို့ အဓိက ဖြုတ်တာ” ဟု အေအေစီ ကိုရဲမင်းက ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article