25.9 C
Yangon

အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့်နှင့်သား ငယ်တို့ကို အင်းစိန်ထောင်အထူး တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်

Must read

ရန်ကုန်၊ ဇွန် ၁၈

မြန်မာစာပေလောက၏ အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့်နှင့် သား ၁ ဦးကို အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း ဖွင့် လှစ်ထားသော စစ်ကောင်စီ၏ အထူးတရားရုံးက စာရေးဆရာ တင်ညွန့်နှင့် သား အငယ် တို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ – ကဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ် လိုက်ခြင်းဖြစ်သည်။

“ဒီနေ့ပဲ အင်းစိန်အကျဉ်းထောင်ထဲမှာရှိတဲ့ အထူးတရားရုံးက အမိန့်ချလိုက်တာ၊ ဆရာဦးတင်ညွန့်နဲ့ သူ့သားအငယ်ပါတယ်။ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်။ ကျန်တာတော့ မသိရသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် နေထိုင်သော စာရေးဆရာဦးတင်ညွန့်ကို ဧပြီလ ၂၃ ရက် နံနက် ၂ နာရီခန့်အချိန် စစ်တပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ရေးသားထုတ်ဝေခဲ့သည့် ခွေးထိန်း ငတာ၊ ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်၊ ဦး သန်းရွှေ၏ ယတြာများ စာအုပ်တို့နှင့် အဓိကဆက်စပ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာရေးဆရာ တင်ညွန့်သည် ၂၀၁၇ ခုနှစ် “အမျိုးသားစာပေဆု” ကို “ကျောင်းဆရာမှတ် တမ်း” စာအုပ်ဖြင့် “စာပ ဒေသာ ဆု” ရရှိခဲ့သော စာရေးဆရာတစ်ဦးဖြစ်ပြီး နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိသော စာရေးဆရာတစ်ဦးလည်းဖြစ်သည်။

စာရေးဆရာတင်ညွန့်သည် အသက် ၇၁ နှစ်ရှိနေပြီဖြစ်ပြီး ဘ၀တစ်လျှောက်လုံး ကျောင်း ဆရာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် ပညာရေးဌာန၌ မူလတန်းပြဆရာအဖြစ် စတင်အမှုထမ်းခဲပြီး ၊အလယ်တန်းပြကျောင်းဆရာ၊ အထက်တန်းပြ ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၀၁ ခုနှစ်တွင် ကျောင်းဆရာအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

ယင်းနောက် စာပေလောကတွင် ကျင်လည်ပြီး ကွန်ပျူတာဂျာနယ်၊ ကြီးပွားရေးမဂ္ဂဇင်း၊ မျက်မှောက်ရေးရာ မဂ္ဂဇင်း၊ Personal Computer မဂ္ဂဇင်း၊ Itizen နည်းပညာဂျာနယ်၊ The Voice တို့တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် “လူငယ်နှင့်အတွေးအမြင်” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းအဖွဲ့က ပေး အပ်သော လူငယ်စာပေဆုကိုရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်ဖြင့် သုတစွယ်စုံ နိုင်ငံရေးစာပေဆုများကို ရရှိခဲ့သည်။

ကျော်ဗလ၊ မောင်ခေတ်စသည့် ကလောင်ခွဲများဖြင့်လည်း စာရေးခဲ့ပြီး စာအုပ်ပေါင်း ၅၀ ကျော်ရေးသားခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article