စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရပြီး မြို့နယ် အုပ်ချူပ်ရေးမှူးရုံးတွင် ချုပ်နှောင်ထားကြောင်း The voice of wetlet madayar မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့ပေါ်ရှိ ချင်းစုရပ်ကွက်၊ ဘော်ဂါရပ် ၊ ငါးထပ်ကြီး နှင့် ဘော်ဂါတောင်မြောက်ရပ် အပါအဝင် စစ်ကိုင်းမြို့ အနောက်တာရပ်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝင်ရောက် စီးနင်းခဲ့ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့ပေါ်ကို အိမ်စီးကားများဖြင့် လှည့်လည်ကာ လူငယ်များကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်သားများသည် ကျောင်းလာကြိုသည့် ကလေးမိဘများနှင့် ကလေးငယ်များကိုပါ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၁၅ ဦး ထပ်မနည်း ဖမ်းဆီးခံရပြီး ထိုလူငယ်များကို စစ်ကိုင်းမြို့ အထွေထွေ အုပ်ချူပ်ရေးမှူးရုံးထဲတွင် ချုပ်နှောင်ထားကြောင်း၊ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခံထားရသူများထဲမှ ကလေးငယ်များကိုသာ ပြန်လွှတ်ပေးပြီး အများစုကို ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။
“မနေ့ကကော ဒီနေ့ကော ၂ ရက်ဆက်တိုက်ကို ပေါ်တာဆွဲ ဖမ်းဆီးနေတာ ဒီနေ့ လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့သိရတယ်။ မနေ့ကညက ဖမ်းဆီးခံရသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ သူတို့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကိုင်းမြို့ အထွေထွေ အုပ်ချူပ်ရေးမှူးရုံးထဲမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်။ စစ်ခွေးတွေက ကျောင်းကြိုလာ ကျောင်းသားမိဘတွေရော ကလေးငယ်တွေရော အကုန် ပေါ်တာဆွဲ ဖမ်းဆီးတာ ကျောင်းသားကလေးငယ်တွေကိုတော့ ပြန်လွှတ်လိုက်ပြီလို့ သိရတယ်” ဟု The voice of wetlet madayar မှ တာဝန်ရှိသူကပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ ၂ ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်ကိုင်းမြို့ပေါ်၌ လမ်းသွားလမ်းလာများမရှိတော့ဘဲ တိတ်ဆိတ်နေကြောင်း၊ ပြည်သူများအနေဖြင့်လည်း တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားသည့် သတင်းများကို ဂရုစိုက် နားထောင်ကြရန် မေတ္တာရပ်ခံထားသည်။
