ရန်ကုန်၊ အောက်တိုဘာ ၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့်အဖွဲ့က ဘုရင့်နောင်ပွဲရုံနယ်မြေနှင့်သမိုင်းလမ်းဆုံတွင် နေ့ခင်းအချိန် အိမ်စီးကားဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ်တချို့ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသော လူငယ်တစ်ဦး၏ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်သည် ၎င်း၏ တပည့် လူမိုက်များနှင့်အတူ ဘုရင့်နောင်ပွဲရုံနယ်မြေ၊ ဘုရင့်နောင်လမ်းဆုံနှင့် သမိုင်းလမ်းဆုံနေရာများတွင် လဆန်းပိုင်းမှ လလယ်ပိုင်းအထိ မကြာခဏ ဆိုသလို အိမ်စီးကားဖြင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လေ့ရှိကြောင်း၊ အောက်တိုဘာလ ၁ ရက်နေ့ အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်က အရပ်ဝတ် စစ်သားတချို့နှင့်အတူ နေ့ခင်းအချိန်တွင်ပင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သဖြင့် လူငယ် ၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံ လူငယ်များ၏ မိဘများက ငွေကြေးဖြင့် ရွေးယူရန် ဆက်သွယ်သောအခါ ငွေမလိုဘဲ စစ်သားလိုချင်၍ ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်ပြီး ငွေပေါများသည်ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“ပါသွားတော့ ဖုန်းဆက်လို့ ငွေနဲ့ ရွေးဖို့ လိုက်တယ်။ အုပ်ကြီးစိန်ဝင်းမြင့်နဲ့ တွေ့တော့ ငွေမလိုဘူး၊ လူပဲလိုတယ်။ ငွေနဲ့ ရွေးလို့မရဘူး။ လူပျောက်သွားလို့ ဟိုတိုင် ဒီတိုင်ဖြစ်မှာစိုးလို့ အိမ်ကို အကြောင်းကြားပေးတာဆိုပြီး အရွေးမခံဘူး။ လူလည်း တွေ့ခွင့်ပေးတယ်။ ဘုရင့်နောင် စစ်ကြောရေးတပ်ကို ပို့လိုက်တယ်” ဟု သမိုင်းလမ်းဆုံတွင် ဖမ်းဆီးခံလိုက်ရသော လူငယ် ၁ ဦး၏ အစ်ကိုဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်သည် ဘုရင့်နောင်ပွဲရုံနယ်မြေနှင့် ဘုရင့်နောင်လမ်းဆုံတွင် ဖွင့်လှစ်ထားသော တည်းခိုခန်းများ၊ အနှိပ်ခန်းများထံမှလည်း ဆက်ကြေး ကောက်ယူလေ့ရှိပြီး ယင်းနေရာများသို့ လာရောက်သည့် လူငယ်များကိုလည်း စစ်မှုထမ်းအဖြစ် ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင် လေ့ရှိကြောင်း သိရှိရသည်။
“ဘုရင့်နောင်ပွဲရုံနယ်မြေနဲ့ ဘုရင့်နောင် လမ်းဆုံ မှာ အုပ်ကြီးစိန်ဝင်းမြင့်က အရပ်ဝတ် စစ်သားတွေနဲ့ ပေါ်တာဆွဲချင်သလိုဆွဲတယ်။ နေ့ခင်း ကြောင် တောင် အိမ်စီးကားနဲ့ လူငယ်တွေကို ကားပေါ် ပေါ်တင် ဆွဲတင်ပြီး ဖမ်းတာ။ လူမရရင် မာဆတ်နဲ့ အနှိပ်ခန်းတွေက ဆင်းလာတဲ့ လူငယ်တွေကိုပါ ဆွဲတာ။ သူက မာဆတ်နဲ့ အနှိပ်ခန်းတွေဆီက ဆက်ကြေးကောက်တယ်။ စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်တွေ လာတာမျိုးရှိရင် အဲဒီမာဆတ်နဲ့ အနှိပ်ခန်းတွေက သူ့ကို ဖုန်းဆက်တယ်။ အထဲတော့ ဝင်မဖမ်းဘူး။ အောက်ရောက်တာနဲ့ စောင့်ဖမ်းတာ” ဟု အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်၏ လှုပ်ရှားမှုများကို သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းသို့ ဘုရင့်နောင်နယ်မြေနှင့် ဘုရင့်နောင်လမ်းဆုံတွင် ပေါ်တာဆွဲမှုများ၊ ဆက်ကြေးကောက်မှုများ အပြိုင်အဆိုင် လုပ်ဆောင်ရင်း အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့် အင်းစိန်ကမ်းနားမှ ပျူစောထီးခေါင်း ဆောင် လူမိုက် ကျင်ဟုတ်တို့အကြား ရန်ပွဲများ ဖြစ်ကြကြောင်း သိရှိရသည်။
“အုပ်ကြီး စိန်ဝင်းမြင့်တပည့် ဆင်မလိုက်သား နန္ဒာအောင်နဲ့ လူမိုက်ကျင်ဟုတ်တပည့်တို့ နွယ်သာကီလမ်း KTV SPA မှာ ဆက်ကြေးလာကောက်၊ လူလာဆွဲရင်းနဲ့ ပြဿနာတက်ကြတယ်။ ကျင်ဟုတ်တပည့်က နန္ဒာအောင်ကို ဓားနဲ့ထိုးတယ်။ နန္ဒာအောင်က ရှပ်ထိပြီး ခုန်ချထွက်ပြေးရတယ်။ အဲဒီလိုတွေ ဖြစ်ကြတာ” ဟု မရမ်းကုန်းမြို့နယ် ရဲများနှင့်ဆက်စပ်နေသော သတင်းရင်းမြစ်က ဆိုသည်။
မရမ်းကုန်းမြို့နယ်တွင် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်က စစ်တပ်နှင့် ပူးပေါင်း၍ ပေါ်တာဆွဲမှုများ လုပ်ဆောင်ခြင်းဖြစ်ပြီး အနှိပ်ခန်း၊ မာဆတ်များကိုပါ လိုင်းကြေးကောက်သဖြင့် မရမ်းကုန်းရဲများနှင့် အုပ်ချုပ်ရေးမှူးအကြား အဆင်မပြေမှုများရှိနေကြောင်း၊ သို့သော်လည်း စစ်တပ်၏ ကျောထောက်နောက်ခံပေးထားမှုကြောင့် စိန်ဝင်းမြင့် ရမ်းကားခွင့်ရရှိနေကြောင်း သိရှိရသည်။
“လမ်းတွေမှာ ပေါ်တာဆွဲတဲ့ လူမရရင် မာဆတ်နဲ့ အနှိပ်ခန်းဘက်ကို လှည့်တာပဲ။ အခန်းက ဆင်းလာတာနဲ့ ဆွဲတာပဲ။ စိန်ဝင်းမြင့်က ဘုရင့်နောင်နဲ့မရမ်းကုန်း ၁ ရပ်ကွက် မှာရှိတဲ့ ရာအိမ်မှုးများနဲ့ ပျူစောထီးတွေကို ပေါ်တာဆွဲပြီးဆိုရင် အုပ်လိုက်ကြီး ထွက်တာ။ အုပ်ကြီးက စစ်တပ်ကို ကျေထောက်နောက်ခံ လုပ်ထားတော့ မရမ်းကုန်းအောက်စခန်းက ရဲတွေပါ ဘာမှ မပြောရဲကြဘူး။ ရဲတွေအားလုံးကလည်း သူတို့စားဂွင်တွေကို စိန်ဝင်းမြင့်ဖြတ်ခုတ်နေတာသိလည်း ငြိမ်ခံနေရတာပဲ” ဟု မရမ်းကုန်းမြို့နယ် ရဲများနှင့်ဆက်စပ်သော သတင်းရင်းမြစ်က ဆိုသည်။
အမှတ် ၁ ရပ်ကွက် စိန်ဝင်းမြင့်မှာ လစဉ် စစ်တပ်အတွက် စစ်မှုထမ်းလူသစ်များကို နည်းမျိုးစုံဖြင့် ပေါ်တာဆွဲ ဖမ်းဆီးရှာပေးနေသဖြင့် မြို့နယ်နှင့် နယ်မြေခံ စစ်တပ်က အားကိုးရသော အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်လာကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
