ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ အိုးသည်ကုန်း အကြမ်းဖက် စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း စစ်တပ် ဂိတ်တွင်ကင်းစောင့်နေသော စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုပစ်ခတ်မှု အတွင်း ပျူစောထီး ၁ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်သား ၁ ဦးမှာလည်း ပြည်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
“အိုးသည်ကုန်း စစ်ခွေးဂိတ်မှာ မနေ့က ညနေ ၅ နာရီလောက်မှာ စစ်ခွေးနဲ့ ပျူစောထီးတွေ ရန်ဖြစ် စကားများပြီး အချင်းချင်း အပြန်အလှန် ပစ်ခတ်ကျတာ ပျူစောထီး ၁ ကောင်ကတော့ ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေးကတော့ ပြည်ဆေးရုံကို ပြင်းထန်ဒဏ်ရာတွေနဲ့ အရေးပေါ်ပို့ဆောင်ထားရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အိုးသည်ကုန်း စစ်တပ်ဂိတ်သည် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ခရီးသွားပြည်သူများထံမှ ငွေကြေး အဆမတန် ကောက်ခံခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခု ပစ်ခတ်မှုသည် အချင်းချင်း ဝေစုခွဲရာမှ အဝေမထည့်ဘဲ ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
