မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းနှင့် မြို့မရဲစခန်းအတွင်းသို့ ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်က ဂန့်ဂေါမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၅၀ တပ်ရင်းအတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံးဖြင့်လည်းကြောင်း၊ ဂန့်ဂေါမြို့မရဲ စခန်းအတွင်းသို့ ရှော့တိုက်ဒုံး ၃ လုံးဖြင့်လည်းကောာင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း၌ ကျရောက်ပေါက်ကွဲမှုအတွင်း စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။
“ရဲစခန်းထဲကျတဲ့ ၃ လုံးက ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ရဲစခန်းဝန်းကလည်း ကျဉ်းတယ်ဆိုတော့၊ ပြီးတော့ ပျက်စီးမှုလည်းရှိတယ်။ အတိအကျ သိရဖို့တော့ စုံစမ်းနေတုန်းပဲ။ ခလရ ၅၀ တပ်ရင်းထဲ ကတော့ ထိခိုက်မှုမရှိလောက်ဘူး။ ဘောလုံးကွင်းထောင့်ကို သွားကျတာ။ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကတော့ အဖွဲ့စုံလို့တော့ သိရပါတယ်။” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ဘောလုံးကွင်း အတွင်း၌ ခလရ ၅၀ တပ်ရင်းမှူး လှမျိုးထွဋ်က ဦးဆောင်ပြုလုပ်သည့် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲ ဂီတ ပွဲတော်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်တပ်ကလည်း ခလရ ၅၀ တပ်ရင်းအတွင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ဇဟောကျေးရွာ ဘက်သို့ ၇ လုံးခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူမွေး ထားသော ခိုင်းနွားတစ်ကောင်သေဆုံးကာ ၂ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီက ပြင်ဆင် လျက်ရှိပြီး အနီးအနားပတ် ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် အချိန်မရွေးပစ်ခတ် တိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူများအနေ ဖြင့် စစ်ရေးသတိအမြဲရှိနေရန် ယော အလင်းတန်းက တိုက်တွန်းထားသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
