မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ရှိနေသည့် နူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းအတွက် မင်းအောင်လှိုင်က စစ်အရာရှိအများအပြားကို ရုရှားနိုင်ငံသို့ ဘွဲ့လွန်ပညာတော်သင်များအဖြစ် အဆက်မပြတ်စေလွှတ်လျက်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ရုရှားကမဂ္ဂါဝပ် ၁၁၀ အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို တည်ဆောက်မည်ဖြစ်ပြီး ယင်းနောက် မဂ္ဂါဝပ် ၃၃၀ အထိ လျှပ်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရန် နူကလီးယားဓာတ်ပေါင်းဖိုကို အဆင့်တိုးမြှင့်နိုင်သွားရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး နူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းအတွက် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို Rosatom ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး မျိုးသိန်းကျော်တို့က ယခုနှစ် ဧပြီလအတွင်းလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထိုသို့နှစ်နိုင်ငံ နူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်း လက်မှတ်ရေးထိုးပြီးနောက် စစ်တပ်က နူကလီးယားဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်ရရှိထားသော ရုရှားပြန် စစ်ဗိုလ်အရာရှိများကို ပြန်လည်စုစည်းကား လက်တွေ့ နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် ဘွဲ့လွန်ဘာသာရပ်များ သင်ကြားနိုင်ရေး ပညာတော်သင်များ ဆက်တိုက် စေလွှတ်လျက်ရှိကြောင်း သိရှိရသည်။
“နေပြည်တော်ဘက်တော့ ပညာတော်သင်တွေ ရာနဲ့ချီပြီးတော့ကို စေလွှတ်နေပါတယ်။ လူရွေးချယ်တာရော စေလွှတ်တာရောကို တပ်ချုပ်က အဓိက စီမံခန့်ခွဲပြီး ဆောင်ရွက်တယ်။ အဓိက ဗိုလ်မှူးအဆင့်တွေ၊ ဘွဲ့လွန် မဟာဘွဲ့တွေကို လက်တွေ့ နူကလီးယားဘာသာရပ်နဲ့ပတ်သက်ပြီး ထပ်ပြီး အဆင့်မြင့် ဆည်းပူးဖို့နဲ့ လက်တွေ့ပါ လုပ်နိုင်ကိုင်နိုင်တဲ့အထိ လေ့ကျင့်သင်ကြားပေးဖို့ ရုရှားကို စေလွှတ်နေတာပါ။ အရင်ကတည်းက ရုရှားကနေ နူကလီးယားသိပ္ပံဘာသာရပ်နဲ့ ဘွဲ့လွန်ရထားပြီးသား အရာရှိတွေလည်းအများကြီးရှိတယ်။ အဲဒီအထဲကမှ ထူးချွန်သူတွေကို တပ်ချုပ်က ပြန်ရွေးပြီး စေလွှတ်နေတာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်က နူကလီးယားနည်းပညာကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် အသုံးပြုမည်ဟု ပြောဆိုထားသော်လည်း နူကလီးယားပညာရပ်နှင့်ပတ်သက်၍ စစ်ဘက်အရာရှိများကိုသာ ရုရှားသို့ ပညာတော်သင်စေလွှတ်ပြီး အရပ်ဘက်မှ ဝန်ထမ်းများကို စေလွှတ်မှုအလွန်နည်းပါးကြောင်း သိရှိရသည်။
“သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအောက်မှာ အဏုမြူစွမ်းအင် ဦးစီးဌာနဆိုတာရှိတယ်။ အဲဒီဌာနက အရာရှိတွေကိုတော့ ရုရှားကို နူကလီးယားဘာသာရပ်အတွက် ပညာတော်သင်စေလွှတ်တာက အင်မတန်ကို နည်းပါတယ်။ အခု ပညာတော်သင် စေလွှတ်နေတာ တပ်ဘက်ကပဲ အများဆုံးပဲ။ နူကလီးယားနဲ့ပတ်သက်ရင် ပညာတော်သင်တွေက စစ်ဘက်ကချည်းပါပဲ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်၏ ယခင်လ စက်တင်ဘာလ ရုရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အငယ်စားလျှပ် စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်နိုင် ရေးအတွက် လိုအပ်သည့်နျူကလီးယားအခြေခံအဆောက် အဦ၊ လူ့စွမ်းအားအရင်း အမြစ်များနှင့် အခြားလိုအပ်သည့်လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ ဆက်လက်ကူညီပေးပါရန် မင်းအောင်လှိုင်က ရုရှားအစိုးရကို မေတ္တာရပ်ခံခဲ့သည်။
