စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၃ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ် တောင်ခြမ်းရှိ ကျားတက်ကျေးရွာကို နမခ မှ တက်လာသော Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြာင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်။ နေအိမ် ထိခိုက်ပျက်စီးတာတော့ ရှိတယ်။ အသက်အရွယ်တွေ အမျိုးသားလား။ အမျိုးသမီးဆိုလားတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မြိုင်မြို့နယ်၊ တောင်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ် ၁ စီးက ဗုံး ၂၀ နီးပါး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ စစ်ခွေးတွေက Y-12 လေယာဉ်နဲ့ ဗုံး ၂၀ လုံးကျဲချ တိုက်ခိုက်သွားတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
