မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးက ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် အစောပိုင်း ၇ နာရီခန့်တွင် မြိုင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“မြိုင်နဲ့ ပေါက်မြို့နယ်ထဲကို စစ်ခွေးတွေက စက်တပ်လေထီးတွေနဲ့ ဆက်တိုက်ကို ဗုံးကျဲ နေတာ ပြည်သူတွေလည်း ရွာထဲမှာ မနေရဲတော့လို့ နေ့စဉ်ကို ပြေးနေရတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကို စစ်ခွေးတွေက ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကျဲနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ မိုင်းလုံမြိုနယ်ကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တော့ဆန်ရွာမကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၂ လုံး နှင့် ဘုန်ကြီးကျောင်းရှိ ဇရပ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း မိုးမိတ်မြိုနယ် အောင်မြေရွာအနီးကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂ လုံးနှင့် လက်နက်ကြီး ၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်နှင့် အကြမ်းဖက် စစ်တပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိကြောင်း TNLA က ပြောဆိုထားသည်။


