မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ကင်းလှည့်နေသည့် ရဲကားကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း SATAN UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မိတ္ထီလာမြို့ အနောက်ဘက်မှ ကင်းလှည့်ပြီး ပြန်လာသော ရဲကားသည် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာချိန် ပညာရေးတက္ကသိုလ်အနီးတွင် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ရဲ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ ထို ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲများကို မိတ္ထီလာ ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ် ကုသနေကြောင်း သိရှိရသည်။
“ရဲခွေးကားက မိတ္ထီလာမြို့ အနောက်ဘက်မှာ ကင်းပတ်ပြန်လာပြီး မြို့တွင်းပြန်ဝင်လာချိန်မှာ ကျနော်တို့ SATAN UG အဖွဲ့က ၄ ရက်ကြာစောင့်ကြည့်ပြီး ဒီနေ့ နံနက် ၁၁ နာရီလောက်မှာ ပညာရေးတက္ကသိုလ် အနီးအရောက် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့တာပါ။ ရဲခွေး ၂ ကောင်ကတော့ ပွဲချင်းပြီး သေဆုံးတယ်။ ကျန် ရဲခွေးတွေလည်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရတယ်” ဟု SATAN UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို SATAN UG အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
