ရန်ကုန်၊ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ သင်္ဃန်းဝတ် ပျူစောထီးခေါင်းဆောင် ဝေပုလ္လအဖွဲ့က လမ်းပိုင်းတစ်လျှောက် သေနတ်ပစ်ဖောက်ကာ သောင်းကျန်းနေကြောင်း ဒေသပြည်သူများနှင့် ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းရှိ လက်ပံရွာနှင့် ခိုတောင်ရွာ အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို စစ်တပ်က ပြန်လည် သယ်ဆောင်လာစဉ် ပေါက်တောရွာ ရေညှိစက်ရုံ လမ်းကြားအရောက်၌ တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်း ထိတွေ့ တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် ပေါက်တောရွာမှ အိမ်စီးကားများကို ချောဆွဲပြီး စစ်သားအလောင်းများကို သယ်ထုတ်သွားကြောင်း၊ ထို့ပြင် စစ်သားများက ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း ဓားမြတိုက်၍ ယူဆောင်သွားကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန့်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သင်္ဃန်းဝတ် ပျူစောထီးခေါင်းဆောင် ဝေပုလ္လအဖွဲ့က တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာများကို ရောက်ရှိလာပြီး စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတစ်လျှောက်တွင် ဆဲဆိုသောင်းကျန်းကာ သေနတ် အချက်ရေ ၃၀၀ ကျော် ပစ်ဖောက်သွားကြောင်း သိရှိရသည်။
“မနေ့က စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းမှာရှိတဲ့ လက်ပံရွာနဲ့ ခိုတောင်ရွာ အကြားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေ တော်တော်အထိနာတယ်။ ခန့်မှန်း စစ်ခွေး ၁၅ လောက် သေတယ်။ တော်လှန်ရေး တပ်ဖွဲ့တစ်ခုက အလစ်ဝင်တိုက်တာလို့ သိရတယ်။ အဲ့တိုက်ပွဲက စစ်ခွေး အလောင်းတွေကို သယ်ထုတ်ပြီးအပြန် ပေါက်တောရေညှိစက်ရုံ လမ်းကြားမှာလည်း နောက်တစ်ခါ တိုက်ပွဲထပ်ဖြစ်တယ်လို့ သိရတယ်။ အဲတိုက်ပွဲမှာလည်း စစ်ခွေး အသေများတယ်။ အဲဖြစ်စဉ်ကတော့ ကျနော်ကိုယ်တိုင် ခရီးသွားရင်း မြင်ခဲ့တာ စစ်ခွေးတွေက ပေါက်တောရွာက ခွေးဘီလူးကားကို ချောဆွဲပြီး အလောင်းတွေသယ်သွားတာမြင်ခဲ့တယ်။ အဲဖြစ်စဉ်ဖြစ်ပြီး မွန်းလွဲ ၃ နာရီလောက်မှာ သင်္ဃန်းဝတ် ဝေပုလ္လအဖွဲ့က တိုက်ပွဲဖြစ်တဲ့ နေရာကို ရောက်လာပြီး ညအထိ ဆဲဆိုသောင်းကျန်းတယ်။ သေနတ်တွေလည်း ပစ်ဖောက်သွားတာ အချက်ရေ ၃၀၀ လောက်ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ကြောင်းတစ်ခု။
