29 C
Yangon

မြိတ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ မတရားဖိနှိပ် ညှဉ်းပန်းခံနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်များပါ အခြေအနေ ဆိုးဆိုးရွားရွားဖြစ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများ မတရားဖိနှိပ် ညှဉ်းပန်းခံနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်များပါ အခြေအနေ ဆိုးဆိုးရွားရွားဖြစ်နေကြောင်း မြိတ်အကျဉ်းထောင်နှင့် နီးစပ်သော သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြိတ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို မတရား ဖိနှိပ်နေပြီး ရာဇဝတ်အကျဉ်းသားများက နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ရန်စခြင်းများ လုပ်ဆောင်နေကြောင်း၊ အကျဉ်းဦးစီးဌာနက ရာဇဝတ်အကျဉ်းသားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူကာ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ရာတွင် အသုံးပြုနေကြောင်း သိရှိရသည်။

ထို့ပြင် မြိတ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများထံမှ ငွေညှစ်ခြင်းများကိုလည်း အကျဉ်းဦးစီးဌာနနှင့် ရာဇဝတ်အကျဉ်း သားများက လုပ်ဆောင်နေကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင်လည်း အခြေအနေ အလွန်ဆိုးရွားနေကြောင်း သိရှိရသည်။

“ဘာပဲ လုပ်လုပ် အကျဉ်းသားတွေဆီကပဲ တောင်းတာပါ။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဆို ဖိနှိပ်တယ်။ ၉ လပိုင်းတုန်း နိုင်ကျဉ်းနဲ့ ဆေးသမား ရန်ဖြစ်တာ နိုင်ငံရေးသမားကိုပဲ အပြစ်ပေးပြီး ဝိုင်းရိုက်လိုက်ကြသေးတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်း သားတွေကို ဆေးကုသခွင့်လည်း မပေးဘူး။ အရမ်းအရေးပေါ်ဖြစ်မှ အပြင်ဆေးရုံထုတ်ပေးတာပါ။ သီတင်းကျွတ်လပြည့်နေ့ကတောင် အပြင်ထုတ်နောက်ကျလို့ အမျိုးသမီး အကျဉ်းသူတစ်ယောက် သေသွားပါတယ်” ဟု မြိတ်အကျဉ်းထောင်နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယင်းအပြင် မြိတ်အကျဉ်းထောင်အတွင်း တစ်ပတ်လျှင် အသားဟင်း ၄ ရက် ကျွေးမည်ဟု သတ်မှတ်စည်းမျဉ်းများ ရှိနေသော် လည်း အသားဟင်း လုံးဝမကျွေးတော့ကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း ရေကို မဝတဝသာ ပေးချိုးပြီး ထောင်ထဲတွင် လူအရမ်းကျပ်တည်းနေကာ ပန်ကာကိုလည်း ညပိုင်းတွင် ၂ နာရီခန့်သာ ပေးဖွင့်ကြောင်း သိရှိရသည်။

မြိတ်အကျဉ်းထောင်၏ အမျိုးသမီးဆောင်တွင်လည်း မိန်းမဆောင် ထောင်မှူးက နိုင်ငံရေး အကျဉ်းသူများအပေါ် ဆဲဆိုဖိနှိပ်မှုများ လုပ်ဆောင်နေသည့်အပြင် လူကျပ်တည်းမှု၊ သန့်ရှင်းမှု အားနည်းမှုတို့ကြောင့် အရေပြားယားနာများလည်း ဖြစ်ပွားမှု များပြားနေကြောင်း သိရှိရသည်။

“အမျိုးသမီဆောင်ဆိုရင်လည်း အရမ်းကို ဆိုးဝါးပါတယ်။ မိန်းမဆောင် ထောင်မှူးမဆိုရင် အရမ်းဆဲဆို ပက်စက်ပြီးတော့ အကျဉ်း သူတွေအပေါ် အရမ်းဖိနှိပ် ချုပ်ချယ်တယ်။ အမျိုးသမီးဆောင်မှာ လူက များပြီး အရမ်းကျပ်နေတာ။ ယားနာတွေလည်း အတော် ထွက်ကြတယ်။ ထောင်ထဲမှာ လူ့အခွင့်အရေးဆိုတာ လုံးဝ မရှိတော့ပါဘူး” ဟု မြိတ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူများမှာ ရေမသန့်ရှင်းမှုကြောင့် ယားနာများ၊ ဝဲများ ဖြစ်ပွားနေသော်လည်း အကျဉ်းဦးစီးဌာနက ဆေးဝါး ကုသပေးခြင်းမပြုသည့်အပြင် ဆေးဝါးများကိုလည်း ပါဆယ်ပို့ခွင့် မပြုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article