28 C
Yangon

ကီရင်ရဲ့ တာဝန်မဲ့ ထွက်ခွာမှုက စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ (MEHL)ကို အကျိုးအမြတ် ပိုမိုရရှိသွားစေမည်သာဖြစ်

Must read

ရန်ကုန်၊ ဇူလိုင် ၂

ဂျပန်ဘီယာကုမ္ပဏီကြီးဖြစ်တဲ့ ကီရင်ဟာ သူတို့ရဲ့ အစုရှယ်ယာအားလုံးကို မြန်မာဘရူဝါရီနဲ့ မန္တလေးဘရူဝါရီ ဖက်စပ်လုပ်ငန်းစုတွေထံ ပြန်လည် ရောင်းချသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ကီရင်အနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားခြင်းက သူတို့ဖက်စပ်ပိုင်ဆိုင်တဲ့ မြန်မာဘီယာလုပ်ငန်းရဲ့ ထိန်းချုပ်မှုအားလုံးကို သူတို့ရဲ့ စီးပွါးရေး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) ထံ ရောက်ရှိသွားစေမှာဖြစ်တယ် လို့ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မြန်မာဘီယာထုတ်လုပ်တဲ့ မြန်မာဘရူဝါရီရဲ့ ၅၁ ရာခိုင်နှုန်းကို ကီရင်က ပိုင်ဆိုင်ထားပြီး၊ ဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာပါ။

ယခုကဲ့သို့ ကီရင်ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို မြန်မာဘရူဝါရီထံ ပြန်လည်ရောင်းချမှာဖြစ်တဲ့အတွက် မြန်မာဘရူဝါရီမှာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီဟာ မြန်မာဘီယာလုပ်ငန်း တစ်ခုလုံးကို ထိန်းချုပ်ခွင့် ရရှိသွားမှာ ဖြစ်ပြီး၊ ထိုမှတဆင့် လုပ်ငန်းဆက်လက်လည်ပတ်ပြီး အကြမ်းဖက် မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေ အကျိုးအမြတ် ဆက်လက်ရရှိစေမှာလည်း ဖြစ်ပါတယ်။

ကီရင်ရဲ့ ထုတ်ပြန်ချက်အရ ရှယ်ယာလွှဲပြောင်းတန်ဖိုးက ဂျပန်ယန်း သန်းပေါင်း ၂၂,၄၀၀ နီးပါး (မြန်မာကျပ်ငွေ သန်းပေါင်း ၃၂၄,၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၆၃.၉ သန်း) ရှိပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာဘီယာကို လူထုရဲ့ သပိတ်မှောက် လှုပ်ရှားမှုတွေကြောင့် မြန်မာဘီယာ ရောင်းချမှု စံချိန်တင် ကျဆင်းနေပြီး ကုမ္ပဏီရဲ့အကျိုးအမြတ်တွေအပေါ် အရေးပါတဲ့ သက်ရောက်မှု တစ်ရပ် ဖြစ်စေခဲ့ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာတော့ ကီရင်က ဦးပိုင်ကုမ္ပဏီကို အမြတ်ဝေစု ပေးချေတာရပ်ဆိုင်းခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်တဲ့အခါ အမြတ်ဝေစုတွေနဲ့ ကုမ္ပဏီဘဏ်စာရင်း လက်ကျန်တွေနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာ့ဘရူဝါရီနဲ့ မန္တလေးဘရူဝါရီ ကုမ္ပဏီတွေအပေါ် ထိန်းချုပ်ခွင့်ကို စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရဲ့ လက်ထဲ လွှဲအပ်မယ်ဆိုတဲ့ ကီရင်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာစစ်အုပ်စုအတွက် ရွှေမိုးငွေမိုး ရွာသွန်းပေး သလို ဝင်ငွေတိုးသွားတာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ စိတ်ကြိုက်ကျူးလွန်ဖို့ အခွန်ဘဏ္ဍာငွေစီးချောင်းတစ်ခု ဆက်ပြီးရသွားတာ ဖြစ်ပါတယ်။”

“ကီရင်က ဒီလိုလုပ်ဆောင်ရတာဟာ အလုပ်သမားတွေအတွက် အကောင်းဆုံးအကျိုးကိုမျှော်ပြီး လုပ်ရတာပါလို့ ပြောဆိုပြီး သူတို့ရဲ့တာဝန်မဲ့ထွက်ခွာမှုကို ဆင်ခြေပေးချင်ပုံပါပဲ။”

“တာဝန်သိသိ တာဝန်ယူ တာဝန်ခံထွက်ခွာတယ်ဆိုတာက အကြမ်းဖက်မြန်မာစစ်အုပ်စုဆီ အခွန်ပေးနေ တာတွေကို ငြင်းဆန်တားဆီးရမှာဖြစ်ပြီး၊ အလုပ်သမားတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေကို နစ်နာကြေးပေးခြင်းကတဆင့် ပြန်လည်ကုစားပေးရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်.

ကီရင်အနေနဲ့ သူတို့လုပ်ဆောင်သင့်တဲ့ ဝတ္တရားများကို ပျက်ကွက်ခဲ့ပြီး အမြတ်ကိုသာ ဦးစားပေးတဲ့လမ်းကို ရွေးချယ်လိုက်တာဖြစ်ပြီး၊ ဒီရောင်းချမှုဟာ မြန်မာပြည်သူတွေကို အကြမ်းဖက်ဖိနှိပ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ကူညီကျားကန် ထောက်ပံ့ပေးလိုက်ခြင်းသာ ဖြစ်တယ်လို့လည်း သူမက ဆက်လက်ပြောဆိုပါတယ်။”

မြန်မာ၊ ဂျပန်နဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဂျပန်ဘီယာကုမ္ပဏီကြီး ဖြစ်တဲ့ ကီရင်အနေနဲ့ ၄င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းကို တာဝန်သိသိ တာဝန်ယူ တာဝန်ခံပြီး အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကီရင်ရဲ့ ရှယ်ယာလွှဲပြောင်းမှုမှာ သူတို့ရဲ့ စင်္ကာပူကုမ္ပဏီခွဲ Kirin Holdings Singapore Pte ပါဝင်နေတဲ့အတွက် စင်ကာပူအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာရေးစည်းစနစ်တွေကတစ်ဆင့် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်အပါအဝင် အကြမ်းဖက် စစ်အုပ်စုကို အကျိုးရှိစေမယ့် ငွေကြေးလွှဲပြောင်းမှုတွေကို တားဆီးသင့်တယ်လို့လည်း မရတနာမောင်က ထောက်ပြပြောဆိုခဲ့ပါတယ်.

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article