တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင်အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးတို့ အပါအဝင် စစ်သား ၂၀ ဦးကျော် သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ခမောက်ကြီးမြို့နယ် အခြေစိုက် တပ်နယ်မှ အင်အား ၈၀ ခန့်ဖြင့် လေးရွာနှင့် ထူးဇုံဖြတ်လမ်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က အသင့်စောင်ကြို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ဗိုလ်မှူး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၈ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ကို တော်လှန်ရေးရဲဘော်များ မျက်မြင် တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်း ၁၈ လောင်းကို လေးရွာစာသင်ကျောင်းအနီး၌ မီးရှို့ထားခဲ့ကြောင်း သိရ သည်။
“မျက်မြင်ကတော့ ဗိုလ်မှူး ၁ ဦး နဲ့ ၃ ပွင့်ဗိုလ်ကြီး ၁ ဦး၊ ပြီးတော့ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၈ ဦး ကျတာတော့မျက်မြင်ပေါ့။ အလောင်း ၁၈ လောင်းမီးရှို့ထားတဲ့တာလည်း ခိုင်မာတဲ့သတင်းရင်းမြစ်က ရရှိ ထားတာပါ။ သူတို့အလောင်းတွေကို သူတို့ကိုယ်တိုင်မီးရှို့သွားတာ။ ပြီးတော့ ခမောက်ကြီးတပ်နယ် ထဲမှာ အရာရှိ ၃ ဦး နာရေးအခမ်းအနားလုပ်တယ်လို့ လည်း သတင်းရထားပါတယ်။” ဟု ကော့ သောင်း ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ကိုကျားကြီးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ပြင် အကြမ်းဖက် စစ်သား ၂၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ခြေပြတ်၊ လက်ပြတ် ဒဏ်ရာ အပြင်းအထန်ရကာ စစ်သား ၈ ဦး ကို ထိုင်းနိုင်ငံ ရနောင်းဆေးရုံ၌ ဆေးကုသနေကြောင်း၊ ကျန်ရှိသော ဒဏ်ရာ စစ်သားများကို ကော့သောင်းပြည်သူ့ဆေးရုံနှင့် စစ်တပ်ဆေးရုံတို့တွင် ဆေးကုသနေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းခရိုင် မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်သော (KTLA) ဗိုလ်ချုပ်မြ အထူးတပ်ရင်း၊ ကော့သောင်းမြို့နယ်(ပကဖ) နှင့် ဘုတ်ပြင်းမြို့နယ်(ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍ စစ်ရေးအသိ စစ်ရေးသတိ အမြဲရှိကြရန် ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေး ဌာနက နှိုးဆော်ထားကြောင်း သိရှိရသည်။




