ရန်ကုန်၊ နိုဝင်ဘာ ၈
မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေများအရ လေကြောင်းစွမ်းအားအရင်း အမြစ် မရှိမဖြစ် လိုအပ်ဟုဆိုကာ စစ်တပ်က Y-8 လေယာဉ် ၂ စီးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၃ စီး ထပ်မံ အင်အားဖြည့်လိုက်ပြီး စစ်တပ်က အရေးသာလာနေပြီဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ယမန်နေ့ စစ်တပ်က လေယာဉ်များအင်အားဖြည့်သည့် အခမ်းအနားတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ဖြစ်သည်။
လတ်တလောကာလ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာမက ပြည်တွင်းတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေအရပ်ရပ်များတွင်ပါ လေယာဉ်/ ရဟတ်ယာဉ်များ၊ ဒရုန်းနှင့် ယူအေဗွီများအပါအဝင် လေ ကြောင်း စွမ်းအားအရင်းအမြစ်များသည် မရှိမဖြစ်လိုအပ်လာ သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံအသီးသီးသည် လေတပ်အပါအဝင် လေကြောင်းစွမ်းအား ထုတ်လုပ်ဖြန့်ကြက်ပေးနိုင်သည့် တပ်ဖွဲ့အမျိုးမျိုးကို အင်အားတိုးတက်ရုံသာမက ခေတ်မီအဆင့်မြင့်စေရန်အတွက်ပါ တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း မင်းအောင်လှိုင်က ဆိုသည်။
လက်ရှိ ပြည်တွင်း ပြည်ပအဖွဲ့အစည်း အချို့က ၎င်းတို့လိုလားချက်အတိုင်း မဟုတ်သည့်အတွက် ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်၊ ပျက်ပြားစေရန် နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်လုပ်ဆောင်ဟန့်တားလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်များမှာ တဖြည်းဖြည်း အရေးနိမ့်လာလျက်ရှိကြောင်း၊ စစ်တပ်အနေဖြင့် ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
ယနေ့ စစ်တပ်က အားဖြည့်သည့် သယ်ယူထောက်ပို့ရေး ရဟတ်ယာဉ်နှင့် လေယာဉ် ၅ စီးအနက် Y-8 လေယာဉ်သစ် ၂ စီးမှာ တရုတ်နိုင်ငံလုပ်ဖြစ်ပြီး Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စင်းဖြစ်ကြောင်း၊ လေယာဉ် အမြီးနံပါတ် 5923 နှင့် 5924 တို့ဖြစ်ကြောင်း၊ ရဟတ်ယာဉ် ၃ စီးမှာမူ ရုရှားနိုင်ငံထုတ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ဖြစ် ကြောင်း သိရှိရသည်။






