ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးကာ လေယာဉ်ဖြင့် ဗုံးကျဲနေ၍ ကျေးရွာ ၁၀ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ရေဦး People’s Defense Comrade မှ တာဝန်ရှိသူ ကို ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ကန့်ဘလူမြို့နယ်၊ ဝက်တိုးရွာမှ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကာဘိုးရွာအနီးရှိ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ခင်ဦးမြို့နယ် အနောက်မြောက်ဘက်ခြမ်းရှိ ရှားတောရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး တပ်စွဲထားကြောင်း သိရသည်။
အလားတူ ရေဦးမြို့ အတွင်းမှ ထွက်လာသော အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ရွှေပြည်သာရွာနှင့် အုတ်ကွင်းရွာဘက်မှနေ၍ စက်လှေများဖြင့် မူးမြစ်ကို ဖြတ်၍ ခင်ဦးမြိုနယ် အနောက်ခြမ်းရှိ ကားဆိပ်ရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းနဲ့ အနောက်ခြမ်းက ရွာတွေဘက်ကို စစ်ကြောင်း ၂ ကြောင်း ညှပ်ထိုးနေတယ်။ ကန့်ဘလူနယ် ဝက်တိုးရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက အင်အား ၁၀၀ လောက်ရှိတယ်။ ခင်ဦးနယ် ရှားတောရွာမှာ ဓားစာခံတွေနဲ့အတူ တပ်စွဲထားတယ်လို့သိရတယ်။ ရေဦးက ထွက်တဲ့ စစ်ကြောင်းကတော့ အင်အား ၇၀ ကျော်တယ်။ ဒီနေ့ ၂ နာရီကျော်လောက်မှာ ခင်ဦးအနောက်ခြမ်းက ကားဆိပ်ရွာဘက်ကို စစ်ကြောင်းထိုးနေပြီ ကန့်ဘလူနယ် ဝက်တိုးက ထွက်တဲ့စစ်ကြောင်းက ကာဘိုးရွာ အနီးမှာရှိတဲ့ ပြည်သူတွေကို ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ ဓားစာခံပြည်သူတွေနဲ့အတူ ခင်ဦးနယ် အနောက်မြောက်ခြမ်းက ရှားတောရွာမှာ တပ်စွဲထားတယ်။ နောက်ပြီး ရှားတောရွာထဲက ပြည်သူ ၄ ဦးလောက်လည်း ထပ်ပြီးတော့ ဖမ်းမိထားတယ်လို့ သိရတယ်” ဟု ရေဦး People’s Defense Comrade မှ တာဝန်ရှိသူ ကို ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကန့်ဘလူမြို့နယ်၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ အင်တိုင်းလေးရွာ၊ ကားဆိပ်ရွာ၊ မုံလှရွာ၊ ရှားတောရွာ နှင့် ငါးရုံကြီးရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကိုလည်း ဂျက်ဖိုက်တာဖြင့် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း၊ ယမန်နေ့ ညပိုင်းကလည်း ခင်ဦးအရှေ့ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်သွားပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။







