24 C
Yangon

ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ကျေးရွာ ၂ ရွာကို ယနေ့ ထပ်မံမီးရှို့ဖျက်ဆီး၊ ကန့်ဘလူ၊ ထီလင်းနှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို ယနေ့ ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network တာဝန်ခံ ကို မုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ ခန့်တွင် ဝက်လက်မြို့နယ် ပင်ဇင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင်လည်း ကျီးကန်မြောက်ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော နေအိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်တပ် စစ်ကြောင်းက လက်ရှိချိန်တွင် ကျေးရွာများအနီး လှည့်ပတ်သွားလာနေကြောင်း သိရှိရသည်။

“စစ်ကြောင်းစစ်ကြောင်းက ဒီနေ့မှာ ပင်ဇင်းရွာ နဲ့ ကျီးကန်မြောက်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးသွားတာပါ။ နေအိမ်ပျက်စီးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လက်ရှိချိန်ထိ ရွာတွေအနီးမှာ ရှိသေးတယ်။ ပြည်သူတွေလည်း ဆက်လက်တိမ်းရှောင်နေရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကို မုန်တိုင်းက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဝက်လက်​မြို့နယ်အတွင်း ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ ထုံးဘိုရွာ ၊ မူးကြီးရွာ ၊ တံတားဦးရွာ ၊ လှတောရွာ ၊ ရွေကျင်ရွာ ၊ ခေါတောရွာ ၊ စိုင်နိုင်လေးရွာ ၊ လိန်ပင်ရွာ ၊ မြင်တော်ရွာ နှင့် ဦးတည်ကုန်းရွာမှ ရာနှင့်ချီသော နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ရွာသာကြီး ၊ ထုံးဘို ၊ တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကက္ကိုလ်စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး များ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦး-ကန့်ဘလူ မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်သွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နံနက် ၈နာရီမှစပြီး မွန်းလွဲ ၂ နာရီ အထိ တံတားဦးတက် Jet Fighter ၃ စီးက ခင်ဦး- ကန့်ဘလူ အစပ်ကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြိုနယ်နှင့် ပေါက်မြို့နယ် အစပ်ကိုလည်း အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၆ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော K8W Jet Fighter ၁ စီးက ထီးလင်းမြိုနယ်နှင့် ပေါက်မြို့နယ် အစပ်ကို ဗုံးကျဲတိုက်ခိုက်သွားကြောင်း သိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုးလည်း မရှိပါဘူး”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article