27 C
Yangon

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မွန်းလွဲပိုင်းထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထားဝယ်မြို့ပေါ်မှ အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ကာ ရေတပ်မှ စစ်သင်္ဘောများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းသည် ရှေ့ဆက်တိုးနိုင်ခြင်းမရှိသောကြောင့် ညင်းမော်ရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ညင်းမော်ရွာကို ပြန်လည် ဆုတ်ခွာလာစဉ် ပြည်သပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က ညင်းမော်ရွာအတွင်းမှ ပြန်လည် ဆုတ်ခွာခြင်းမရှိသောကြောင့် စစ်ရေး ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

“မနေ့ကတော့ တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်။ စစ်ခွေးတွေ အထိနာလို့ ထားဝယ်မြို့ပေါ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေ ခွေးသင်္ဘောက လက်နက်ကြီးတွေနဲ့ကို ဆက်တိုက်ကို ပစ်ခတ်သွားတာ စစ်ရှောင်ပြည်သူတွေ လက်နက်ကြီးကျည် ထိမှန်ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ ညင်းမော်ရွာက နေအိမ်တွေလည်း စစ်ခွေးတွေက မီးရှို့ထားတယ်။ မြေပြင်မှာတော့ ဆက်လက် စစ်ရေးတင်းမာနေတုန်းပဲ ခွေးတွေက ညင်းမော်ထဲမှာရှိသေးတယ်။ တိုက်ပွဲမှာလည်း စစ်ခွေးတွေ အထိအခိုင်များတယ်။ စစ်ရေးအခြေအနေကိုတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက် ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် လောင်းလုံးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်အင်အားထပ်မံ ဖြည့်တင်းနိုင်ရန် ထားဝယ်မြို့ပေါ်တွင် အင်အားစုဖွဲ့မှုလုပ်ဆောင်နေပြီး ရေကြောင်းဖြင့် စစ်အင်အား လာရောက်ဖြည့်တင်းနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ညင်မော်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article