31 C
Yangon

ဆားလင်းကြီး ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထား‌သော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်က ကျေးရွာများကို စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထား‌သော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် ဝမ်ပေါင် ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီး ၁၃ လုံးဖြင့် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ကြောင်း၊ ထို့ပြင် ကုမ္ပဏီဝင်းအတွင်းတွင်လည်း အချက်ပေးသံများ ဆူညံစွာ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က ဝမ်ပေါင် ကုမ္ပဏီဝင်းအတွင်းကို တော်လှန်ရေး တပ်ဖွဲ့ဘက်က လက်နက်ကြီး ၁၃ လုံးနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်တာ ဝင်းထဲကို ကျရောက်ပေါက်ကွဲပြီးတော့ ထိခိုက်မှုရှိတယ်လို့ သိရတယ်။ သတင်းကြားတာကတော့ ၂ ဦး ထိမှန်တယ်တဲ့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ သေမသေဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတော့ အချက်ပေးသံတွေကော ကုမ္ပဏီဝင်းအတွင်း ဆူညံနေတာပဲလို့ ပြောတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၃ စီးသည် ဝမ်ပေါင် ကုမ္ပဏီဝင်းအနီး ဝဲပျံပြီး ဖောင်းကတာရွာအနီးတဝိုက်ကို ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးရွာအတွင်းမှ ဆုတ်ခွာသွားသော အကြမ်းဖက် စစ်သားများကလည်း ယနေ့ နံနက်ပိုင်းတွင် ပလောင်ရွာမှ ဝက်မှေးရွာအတွင်း ပြန်လည်ဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များကို ဝင်ရောက် မွှေနှောက်ကာ လက်ကိုင်ဖုန်းများကို သိမ်းယူသွားကြောင်း သိရှိရသည်။

အလားတူ ပလောင်ရွာအတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်သားများကလည်း ပလောင်ရွာလမ်းဆုံတွင် စစ်ဆေးရေးပြုလုပ်ကာ ဆိုင်ကယ် ၁ စီးကို ငွေကျပ် ၁ သောင်းတောင်းရမ်းပြီး ငွေကြေးမပေးနိုင်သူများကို သီချင်းအော်ဆိုခိုင်းကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article