ရန်ကုန်၊ နိုဝင်ဘာ ၁၆
မကွေးတိုင်း၊ သရက်ခရိုင် ၊ ကံမမြို့နယ်နှင့် သရက်မြို့နယ်လမ်းပိုင်းများတွင် PDF တပ်ဖွဲ့က လုံခြုံ ရေးစစ်ဆေးပြီး ခရီးသွားလာရာတွင် လုံခြုံရေးသတိဖြင့်သွားလာကြရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
လွန်ခဲ့သော ၂ ပတ်ခန့်ကစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း စစ်ရေးလှုပ် ရှားရာ သရက်မြို့နယ်နှင့် ကံမမြို့နယ်အတွင်းရှိ လမ်းပိုင်းများ၌ ခရီးသွားပြည်သူများ လုံခြုံရေး အရ စစ်ဆေးခြင်းနှင့် ခရီးသွားလာရာတွင် လိုအပ်သည့်သတိပြုရမည့် အချက်များကို ပြောဆိုရှင်းပြမှုများ ကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“သရက်မြို့နယ်နဲ့ ကံမမြို့နယ်အဲဒီဘက်တွေဆီမှာ လုပ်ခဲ့တာ။ အဓိကတော့ မြို့ချင်းဆက် လမ်းပိုင်း တွေ မှာပေါ့၊ ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်ကစပြီးတော့ လုပ်ခဲ့တာမျိုးပါ။ အဓိက ဒီလိုလုပ်ရ တာက ပြည်သူတွေကို ကျနော်တို့က ပြောပြရှင်းပြချင်တာပေါ့။ အသိပေးချင်တာ လေးပေါ့၊ အခု လက်ရှိ ခရီးသွားပြည်သူတွေ အသုံးပြုနေတဲ့ လမ်းပိုင်းတွေကို သွားလာရာမှာ တိုက်ပွဲ တွေဖြစ်တတ် တာရှိမယ်၊ ဖြစ်နေတာရှိမယ်၊ နောက်ပြီးတော့ စစ်ကောင်စီဘက်ကလည်း စစ်ကြောင်း ထိုးနေတာ တွေရှိမယ်၊ လက်နက်ကြီးနဲ့ပစ်နေတာတွေရှိမယ်၊ အဲဒါတွေကြောင့် ခရီးသွားလာတဲ့အခါ မှာ စစ်ရေး သတိနဲ့သွားလာကြဖို့၊ လက်နက်ကြီးသံ၊ တိုက်ပွဲသံတွေကြားတဲ့အခါမျိုးမှာ လုံခြုံရာဘက် ကိုပြန် လှည့်ဖို့၊ လုံခြုံရောနေရာတွေမှာ နေကြဖို့ အဲလိုမျိုးတွေ အဓိကရှင်းပြခဲ့ပါတယ်။” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်းအနေဖြင့် စစ်ရေးလှုပ်ရှားရာ ဒေသအတွင်းရှိ လမ်းပိုင်းများ၌ ခရီးသွားပြည်သူများအား ၊ လုံခြုံရေးအရ စစ်ဆေး ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ခရီးသွားပြည်သူများအနေဖြင့် ယုံကြည်စွာ အစစ်ဆေးခံ ခြင်းဖြင့် ပူးပေါင်း ပါဝင် ကူညီပေးကြပါရန် ထုတ်ပြန်ထားသည်။






