31 C
Yangon

ညောင်လေးပင်တိုက်ပွဲတွင် သေဆုံးသော ဗိုလ်ကြီး ဇော်လင်းမောင်ကို ဗိုလ်မှူးရာထူးတိုးပေးပြီး မသာအသုဘချခွင့်ပြု၊ ဂန့်ဂေါတွင် စစ်တပ်၏ အမှတ် ၂ ရွှေပင်ရွာဂိတ်စခန်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တိုက်ပွဲတွင် သေဆုံးသွားသော ဗိုလ်ကြီး ဇော်လင်းမောင်ကို ဗိုလ်မှူးရာထူးတိုးပေးပြီး မသာအသုဘချခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် ဖြစ်ပွားခဲ့သော တိုက် ပွဲတွင် စစ် တပ်၏ စစ်ကြောင်းမှူး ဗိုလ်ကြီးဇော်လင်းမောင်မှာ ကျည်ထိမှန်သေဆုံးသွားကြောင်း၊ ယင်းသို့ သေဆုံးသွားပြီးနောက် စစ်တပ်က သက်စွန့်ကြိုးပမ်း ဆောင်ရွက်မှု ဂုဏ်ပြုလွှာ ပေးအပ်ပြီး ဗိုလ်မှူးရာထူးတိုးပေးခဲ့ကြောင်း၊ ကျန်ရစ်သူ မိန်းမ ဝင့်ဝါကျော်ဦးအတွက် ခံစားခွင့်များကို ဗိုလ်မှူးရာထူးရ အရာရှိများ၏ ခံစားခွင့် များရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ ရွှေပင်ရွာဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ -YDF မှ ပြန်ကြားရေး တာဝန်ခံ ကိုနေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ ကပစ ၂၃ စက်ရုံသွားရာလမ်းရှိ စစ်တပ်၏ အမှတ် ၂ ရွှေပင်ရွာ၌ အထိုင်ချတပ်စွဲထားသော အင်အား ၂၀ ခန့်ရှိသည့် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ဆရာချမ်း ဆိုတဲ့သူ သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း ကပစ ၂၃ ဘက်မှ သံပြားကာကား ၃ စီး ဖြင့် စစ်ကူတပ်များ ရောက်ရှိလာပြီး လက်နက် ကြီး အ‌မြောက်အများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းက တစ်ပွင့်ဗိုလ် ဆရာချမ်း ဆိုတဲ့သူ တစ်ဦးသေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးတွေဘက်က ထပ်တိုးသေဆုံးတာတော့ မသိရသေးဘူး။ စစ်ခွေးတွေဘက်က ထိခိုက် ပျက်စီးမှု အခြေအနေကိုတော့ ကျွန်တော်တို့ ထပ်ပြီးတော့ စုံစမ်းနေတုန်းပါ။ အဲဒီဂိတ်က အာဏာမသိမ်းခင်ကတည်းက ကပစ ၂၃ ရဲ့ အထိုင်ဂိတ်ပါ။ ဂိတ်မှာက စစ်ခွေးအင်အား ၂၀ ခန့်ရှိတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDF မှ ပြန်ကြားရေး တာဝန်ခံ ကိုနေက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း အမှတ် (၁၈၊၁၉)၊ ယောကာကွယ်ရေးတပ် (YDF)မြေပြင်စစ်ဒေသရုံးချုပ်၊ကျောမြို့ (ပ က ဖ)တို့မှ ဂန့်ဂေါမြိုနယ် (ပကဖ) ဒုစစ်ရေးတာဝန်ခံ ဦးစီးပြီး ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရွှေပင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးသွားပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွှေပင်ကျေးရွာ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ကျောမြို့နယ် ရွှေပင်ရွာကို ဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့သွားတယ်။ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွားတယ်။ ဘယ်ကျေးရွာက ပြည်သူတွေလဲတော့ မသိဘူး။ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့ ပြည်သူ ၆ ဦးကို ပြန်လွှတ်ပေးတယ်လို့ ကြားတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ကပစ ၂၃ ကိုပြန်ဆုတ်သွားတယ်လို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article