တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးပစ်သတ်ပြီး ရုပ်အလောင်းများကို မြေမြုပ် ဖျောက်ဖျက်ကာ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ကစတင်ပြီး လောင်းလုံးမြို့အနီးရှိ ညင်းမော်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ဦးကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ လုပ်ဆောင်ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ညင်းမော်ရွာအတွင်းမှ လောင်းလုံးမြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ဆုတ်ခွာသွားပြီးနောက် ပြည်သူတချို့က ကျေးရွာအတွင်း ဝင်ရောက် ကြည့်ရှု့စဉ် စစ်သားများ ပစ်သတ်ခဲ့သော ပြည်သူ ၂ ဦး၏ ရုပ်အလောင်းကို တွေ့မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက မရှိတော့ဘူး ပြန်ဆုတ်သွားပြီး ပြည်သူတွေက ရွာထဲကို ခဏဝင်ကြည့်တာ စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ ပြည်သူ ၂ ဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တယ်လို့ ပြောတယ်။ သေဆုံးသူတွေက ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူး။ စစ်ရေးက ဆက်လက် တင်းမာနေတုန်းပဲ ပြည်သူတွေက တိမ်းရှောင်နေတုန်း ရွာထဲကို အကုန်ပြန်မဝင်နိုင်သေးဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားသော်လည်း ညင်းမော်ရွာအနီးအနားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။




