မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဒက္ခိဏအာရုံရွှေကျင်ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ဘုန်းကြီးကျောင်းများ မီးလောင်ပြာကျခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်မြောက်ပိုင်းရှိ ဒက္ခိဏအာရုံရွှေကျင်ဘုန်းကြီးကျောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင် ၂ ဆောင် မီးလောင် ပြိုကျခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ဒက္ခိဏအာရုံရွှေကျင်ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲတာ ဘုန်းကြီး ကျောင်းဆောင် ၂ ဆောင်လည်း မီးလောင် ပြိုကျတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိထားရတယ်” ဟုVoice Of Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သူးလေပလောကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၄ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ သူးလေပလောရွာကို အကြမ်းဖက် စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ အာဏာ ဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့အုပ်ချုပ်သည့် နယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရန် အထူးကြိုးပန်းလျှက်ရှိပြီး လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေဒေသများအတွင်းရှိ ပြည်သူလူထုကို အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း KNU ဗဟိုက ပြောဆိုထားသည်။







