ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ ၁ တွင် ကြံ့ဖွတ်ပါတီမှ ခင်ရီက မဲဆွယ်ပွဲ ပြုလုပ်ခဲ့ရာတွင် နေ့စားခပေးမည်ဟုဆိုကာ မြို့အစွန်များမှ ဝင်ငွေနည်း ပြည်သူတချို့ကို ခေါ်ယူခဲ့သော်လည်း ၂ ရက်ကြာသည်အထိ နေ့စားခ ပေးခြင်းမရှိကြောင်း ယင်းပွဲသို့ လိုက်ပါခဲ့သော်လည်း နေ့စားခ မရရှိခဲ့သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအချိန်အထိ ကြံ့ဖွတ်ပါတီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ ၁ တွင် လူဦးရေ ၁ သောင်းခန့်ပါဝင်သော မဲဆွယ်စည်းရုံးပွဲ ပြုလုပ်ခဲ့ပြီး ယင်းပွဲသို့ ကြံ့ဖွတ်ပါတီက နေ့စားခဖြင့် ပြည်သူတချို့ကို ခေါ်ယူခဲ့ကြောင်း၊ သို့ရာတွင် ပွဲပြီး၍ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ နေ့စားခ အပြည့်အ၀ မရဘဲ တချို့မှာ တစ်ဝက်သာ ရပြီး တချို့မှာ နေ့စားခ လုံး၀ မရကြကြောင်း သိရှိရသည်။
“ထမင်းဘူးပေးမယ်။ နေ့စားခ ၂ သောင်းပေးမယ်ဆိုပြီး ခေါ်တာပါ။ ကားပေါ်တက်တဲ့အချိန်မှာ ၅၀၀၀ ပေးတယ်။ နောက်ပြန်လာတော့ ကျန်တဲ့ ၁၅၀၀၀ ထပ်ပေးမယ်ဆိုပြီး မပေးဘူး။ တချို့ကတော့ တစ်ပြားမှ မရဘူး။ မြို့နယ်က ပြန်ပြီး ဖြတ်စားတာလို့ပြောတယ်။ တိုင်းကော်မတီကို တိုင်ထားတယ်။ ထမင်းဘူးကတော့ လူတိုင်းရတယ်။ ငွေပဲ အပြည့်မရတာ”ဟု ရွှေပြည်သာမြို့နယ်မှ နေ့စားခဖြင့် လိုက်ပါခဲ့သည့် ပန်းရံသမားက ပြောဆိုသည်။
မြောက်ဥက္ကလာပမြို့နယ်မှ နေ့စားခရမည်ဟု ကမ်းလှမ်းသောကြောင့် လိုက်ပါခဲ့ရသော ဝင်ငွေနည်း ပြည်သူတချို့ကလည်း ထမင်းဘူးနှင့် ကြံ့ခိုင်ရေးဝတ်စုံများသာ ရရှိပြီး ငွေမရကြောင်း၊ နေ့စားခ ၁၅၀၀၀ ပေးမည်ဟုဆိုကာ ခေါ်ယူခဲ့သော်လည်း လက်ရှိအချိန်အထိ ငွေမပေးသေးကြောင်း ပြောဆိုကြသည်။
ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ကြံ့ဖွတ်ပါတီ၏ မဲဆွယ်ပွဲသို့ သက်ဆိုင်ရာ မြို့နယ်ပါတီများက လူများ စုဆောင်း ငှားရမ်းကား ကားများဖြင့် အကြိုအပို့ စီစဉ်ပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မဲဆွယ်ပွဲတွင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက မဲဆွယ်ပွဲတွင် ပေးထားသည့်ကတိများ မလုပ်ပေးနိုင်ခဲ့ပါက လက်သီးနှင့် ထိုးပါ ဟု ကတိပေးပြောဆိုခဲ့သည်။
ရန်ကုန်မဲဆွယ်ပွဲတွင် ကြံ့ဖွတ် ခင်ရီက နိုင်ငံ့ဝန်ထမ်းငယ်များ အခမဲ့ခရီးသွားလာခွင့်ရရှိရေး အာမခံချက်၊ ကုန်စျေးနှုန်းကျဆင်းရေးဆောင်ရွက်ပေးမည့် ကတိကဝတ်၊ လယ်သမားများ၏ ကြွေးမြီသံသရာမှ ကင်းဝေးစေရန် ဆောင်ရွက်မည့် အစီအစဉ်၊ ပြည်ပရောက်နိုင်ငံသားများ၏ ရပိုင်ခွင့် အခွင့်အလမ်းများ၊ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဆောင်ရွက်ပေးမည်ဟု ပြောဆို မဲဆွယ်ခဲ့ခြင်းဖြစ်သည်။
(ရန်ကုန်ခေတ်သစ်၏ ပြည်တွင်းသတင်းထောက် နွယ်နီ ပေးပို့သည်။)




