ရန်ကုန်၊ နိုဝင်ဘာ ၂၂
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စေသူ့ရှင်ကုန်းကျေးရွာ ဘုရားဝင်းအတွင်းရှိ ကြေးပိဿာ ၈၀ ကျော်ခန့်ရှိသော ခေါင်းလောင်းကို ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ထွန်းနိုင်အဖွဲ့က ခိုးယူပြီး PDF အဖွဲ့က လုပ်ဆောင်သည်ဟု လိမ်လည် ဝါဒဖြန့်နေကြောင်း ဒေသပြည်သူများနှင့် ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မန်ကျီးပင်ပုကျေးရွာအုပ်စု၊ စေသူ့ရှင်ကုန်းကျေးရွာ ဘုရားဝင်း အတွင်းရှိ အလေးချိန် ကြေးပိဿာ ၈၀ ကျော်ခန့်ရှိသော ခေါင်းလောင်းကြီးကို ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ထွန်းနိုင်အဖွဲ့က ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခိုးယူသွားပြီးနောက် အကြမ်းဖက် စစ်တပ်ကို အုပ်ချုပ်ရေးမှူး ထွန်းနိုင် ဦးဆောင်သော ပျူစောထီး အဖွဲ့က PDF များက လာရောက် ခိုးယူသွားသည်ဟု လိမ်လည်တိုင်ကြားပြီး စစ်သားများကို ကျေးရွာအတွင်း ခေါ်ဆောင်လာခဲ့ခြင်း သိရှိရသည်။
လက်ရှိချိန်တွင် အဆိုပါ ခေါင်းလောင်း ပျောက်ဆုံးသွားသော ကိစ္စနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်က စေသူ့ရှင်ကုန်းကျေးရွာအတွင်း FAW ကား ၂ စီး၊ Light Truck ကား ၁ စီး အင်အား ၈၀ ကျော်ဖြင့် ရောက်ရှိလာကာ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေနေကြောင်း သိရသည်။
“အဲခေါင်းလောင်းပျောက်ဆုံးတာကို အကြမ်းဖက် စစ်ခွေးတွေက စုစုပေါင်း အင်အား ၈၀ လောက်နဲ့ လိုက်ရှာနေကြတယ်။ စေသူ့ရှင်ကုန်းကျေးရွာဆိုတာက အကြမ်းဖက် စစ်အုပ်စုနယ်မြေပါ။ စေသူ့ရှင်ကုန်းကျေးရွာမှာလည်း ပျူစောထီးတွေ အများဆုံးရှိတဲ့ နေရာ ဒီကြေးခေါင်းလောင်းကြီး ပျောက်တာဟာ ပျူစောထီးတွေရဲ့ လက်ချက်ပဲ သူတို့ပဲ အဲဘုရားနားမှာ နေ့တိုင်း ကင်းလှည့်နေတာ တကယ် PDF တွေလာရင် ပစ်ခတ်တာတွေဖြစ်မှာပဲ ဘာအသံမှ မကြားရဘဲ ပျောက်သွားတာ အဲဒီ နယ်မြေဘက်မှာက ပြည်သူတွေ သွားလှုပ်ရှားဖို့လည်း ခက်ခဲပါတယ်။ စစ်ခွေးတွေနဲ့ ပျူတွေက ပေါ်တာဆွဲတာတွေလည်းရှိတော့ ဘယ်သူမှ အပြင်မထွက်ရဲကြပါဘူး။ နေ့ခင်းဘက်တောင် ထွက်ဖို့ သွားလာလှုပ်ရှားဖို့မလွယ်ကူပါဘူး” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
အဆိုပါ စေသူ့ရှင်ကုန်းကျေးရွာ ဘုရားဝင်းနှင့် အနီးဆုံးနေအိမ်သည် ပျူစောထီးခေါင်ဆောင် အုပ်ချုပ်ရေးမှူး ထွန်းနိုင် ၏ နေအိမ်ဖြစ်ပြီး ၎င်းလက်အောက်ခံ ပျူစောထီးများက ဘုရားဝန်းကျင်ကို နေ့စဉ် လှည့်ကင်းပတ်ကြောင်း သိရှိရသည်။
ထို့ပြင် ပျောက်ဆုံးသွားသော အလေးချိန် ပိဿာ ၈၀ ကျော်ရှိ ကြေးခေါင်းလောင်းကြီးသည် လူ ၅ ဦးခန့် ဝိုင်းဝန်း သယ်ဆောင်ရပြီး သုံးဘီးဆိုင်ကယ်၊ ကားနှင့် နွားလှည်းရှိမှ သယ်ယူနိုင်မည်ဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။





