ရန်ကုန်၊ ဇူလိုင် ၄
KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်း ဇွန်လ ၁၇ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့များသည် ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံရွာသား ၂၂ ဦးကို လူသားဒိုင်းပြုလုပ် ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သလို အကြမ်းဖက်စစ်သားများသည် အများပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ ဖျက်ဆီးမှုများ ပြုလုပ်ကြောင်း KNU တပ်မဟာ ၁ ဒူးသထူခရိုင်က သတင်းထုတ်ပြန်သည်။
လူသားဒိုင်းအဖြစ် ပြုလုပ်ခံရသူများထဲတွင် ကော်ဟဲကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၁ ဦးအပါအဝင် ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲစသည့်ကျေးရွာများမှ ရွာသား ၂၂ ဦး ဖြစ်ကြောင်း သိရှိရသည်။
ဘီးလင်းမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များက ခိုးယူစားသောက် သယ်ဆောင်သွားသော ရွာသားပိုင် ငွေကျပ် ၃၄ သိန်းကျော်အပြင် တန်ဖိုးရှိပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ပါဝင်ကြောင်း၊ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများက လက်နက်ကြီးပစ်ခတ်သဖြင့် နေအိမ် ၈ လုံး ပျက်စီးသွားကြောင်း KNU တပ်မဟာ ၁ က သတင်းထုတ်ပြန်သည်။