ဧရာ၀တီတိုင်း၊ ဖျာပုံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းဖိနှိပ်ခံနေရပြီး ငွေကြေးအတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်တောင်းခံမှုများဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဖျာပုံအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို ဖိနှိပ်မှုနှင့် လာဘ်စားမှုများ လုပ်ဆောင်ခဲ့ပြီး အကျဉ်းထောင် တန်းစီး ထောင်အခေါ် အခန်းလူကြီးများက စောင့်ရှောက်ကြေးဟု သုံးနှုန်း၍ အကျဉ်းသား ၁ ဦးလျှင် ငွေကျပ် ၃ သိန်းမှ ကျပ် ၈ သိန်းအထိ တရားဝင်ရပိုင်ခွင့်ဟု ပြောဆို တောင်းခံနေကြောင်း၊ ဖျာပုံအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများကို အချုပ်သစ်၊ အကျသစ်များ စတင်ရောက်ရှိလာသည်နှင့် ထောင်မှူး အောင်ဆန်းလင်း နှင့်အရာရှိများက တိုက်ရိုက်ပြော၍သော်လည်းကောင်း၊ အကျဉ်းသားတန်းစီးဖြစ်သည့် အခန်းလူကြီးများမှတဆင့် စောင့်ရှောက်ကြေးဟု သုံးနှုန်း၍ သော်လည်းကောင်း ငွေများတောင်းခံကြောင်း သိရှိရသည်။
ယင်းအပြင် ငွေကြေးမပေးနိုင်သည့် အကျဉ်းသားများကို အခန်းလူကြီး နှင့် စည်းကမ်းထိန်းများမှတဆင့် နည်းမျိုးစုံဖြင့် ငွေညှစ်ခြင်းများကို စေခိုင်းဆောင်ရွက်ခြင်းအပြင် အကျဉ်းထောင်အရာရှိများက ဆဲဆိုအော်ဟစ် သောင်းကျန်းခြင်း၊ အကျဥ်းသားများအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းများကို မကြာခဏကျူးလွန်လျက်ရှိသော်လည်း ထောင်ပိုင် ဇော်ထွန်းဦးနှင့် ထောင်မှူး အောင်ဆန်းလင်းတို့မှ မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရှိရသည်။
“အာဏာသိမ်းကာလက ကြာမြင့်လာတာနဲ့အမျှ အကျဉ်းထောင်အတွင်းမှာ ထောင်အာဏာပိုင်တွေရဲ့ လုပ်ပိုင်ခွင့်တွေက ပိုပိုပြီးရလာတယ်။ အထူးသဖြင့် အထက်က အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်က အောက်ခြေမှာ ရှိတဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းဖြစ်ရင် ရပြီဆိုပြီး နောက်ကွယ်ကနေ ပံ့ပိုးအားပေးမှုတွေ ရှိနေတယ်ဆိုတဲ့ သဘောတရားကိုလည်း တွေ့ရတယ်။ ဒါကြောင့် ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်း သားအပါအဝင် အကျဉ်းသားတွေရဲ့ ချွေးနဲစာနဲ့ သူတို့ရဲ့ လုပ်အားတွေကို အသုံးပြုပြီးမှ လက်ရှိမှာ ထောင်အာဏာပိုင်တွေဟာ သူတို့ရဲ့ ငွေ ကြေး ရရှိရေး လာဘ်စားမှုဖြစ်စဉ်တွေ ပိုများလာတယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းဦးစီးဝန်ထမ်းတွေက နှိပ်စက်တယ်ဆိုတဲ့ ရှုထောင့်ထက် အကျဉ်းသားအချင်းချင်း ပြဿနာဖြစ်တယ်ဆိုတဲ့ သဘောတရားဘက်ကို ပိုပိုပြီးမှတွေ့ရတယ်။ တစ်ခုခုဆိုရင် ဒါဟာ အကျဉ်းသားအချင်းချင်းဖြစ်တဲ့ ပြဿနာဆိုပြီး ရောချတဲ့ ဖြစ်စဉ်မျိုးတွေ အများကြီး တွေ့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဖျာပုံအကျဉ်းထောင်အတွင်း တန်းစီးအခန်းလူကြီးများကလည်း ၄င်းတို့စိတ်မကြည်လျှင် မကြည်သလို အကျဥ်းသားများအပေါ် နိုင်ထက် စီးနင်းပြုလုပ်ခြင်း၊ ဗိုလ်ကျခြင်းနှင့် ထိုးကြိတ်ရိုက်နှက်ခြင်းများ စိတ်ကြိုက်လုပ်ပိုင်ခွင့်ကို ထောင်အာဏာပိုင်များက အပြည့်အဝပေးထားကြောင်း သိရှိရသည်။
အကျဉ်းသားများကို ဖိနှိပ်ခြင်းလုပ်ဆောင်နေသည့် ဖျာပုံအကျဉ်းထောင်ရှိ အခန်းလူကြီးများထဲတွင် မုဒိန်းမှုဖြင့် ထောင် ၁၀ နှစ်ကျခံနေရသည့် ရဲအောင် ၊ ၁၉ က နှင့် ထောင် ၁၀ နှစ် ကျခံနေရသည့် အောင်သူတို့သည် အဆိုးဆုံးဖြစ်ပြီး ခေါင်းစဥ်အမျိုးမျိုးတပ်၍ အလှူငွေကောက်ခံခြင်း အနိုင်ကျင့်ဗိုလ်ကျခြင်းများကို တရားဝင်ခွင့်ပြုမိန့်ရထားသကဲ့သို့ ပြုမူလျက်ရှိသည်ဟု သိရှိရသည်။
ဓာတ်ပုံ- ဖျာပုံအကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့် လွတ်လာသော အကျဉ်းသားတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




