22 C
Yangon

မြိုင်နှင့် ပေါက် မြို့နယ်အစပ် တဲကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးရန် ထွက်လာ၍ ကျေးရွာ ၇ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ် တဲကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးရန် ထွက်လာ၍ ကျေးရွာ ၇ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ တဲကြီးရွာနှင့် နသတ်ရွာ ဝန်းကျင်ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် တဲကြီးရွာမှ ပြန်လည် ထွက်ခွာလာပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် ကျွဲတွင်းရွာနှင့်ကျောက်မဏ္ဍပ်အနီးကို ရောက်ရှိလာပြီး မည်သည့် နေရာကို ဆက်လက်ဝင်ရောက်မည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာ ၇ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ယင်း စစ်ကြောင်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး မြိုင်စက်မှု ၂ မှ စတင်ထွက်ခွာလာကာ ကျေးရွာများကို ဆက်တိုက် စီးနင်းမီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက ပြည်သူ ဘယ်နှဦးကို သတ်ဖြတ်ထားလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ လက်ရှိချိန်မှာ ပြည်သူအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရတော့ နယ်မြေ အခြေအနေက ရှုပ်ထွေးနေတယ်။ ခွေးစစ်ကြောင်းက မြိုင်စက်မှု ၂ ထဲက ထွက်လာပြီးတည်းက ရွာတွေကို ဆက်တိုက်စီးနင်းမီးရှို့ပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူကပြောဆိုသည်။

နိုဝင်ဘာလပိုင်းက စတင်ပြီး အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ကို စစ်ကြောင်း အမြောက်အများဖြင့် ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article