ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စု မဉ္ဇူကုန်းကျေးရွာဘက်သို့ ဆိုင်ကယ် ၇ စီးဖြင့် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သီကုန်းဆေးရုံတွင် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်း မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
“အဲမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ခွေး ၃ ကောင် ထိခိုက်ဒဏ်ရာရပြီးတော့ သီကုန်းဆေးရုံမှာ စစ်ခွေး ၁ ကောင်သေဆုံးတယ်လို့သိရတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွက်ကဲမှုအောက်ရှိ ပြည်ခရိုင်အမှတ် (၁) ၃၆၀၁ တပ်ရင်း တပ်ခွဲ (၃) နှင့်တပ်ခွဲ (၅) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များကို အချိန်မရွေး နေရာမရွေး ပြတ်ပြတ်သားသား အရေးယူတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရဲဘော် Shadow က ဆက်လက်ပြောဆိုသည်။




