31 C
Yangon

နတ်တလင်းတွင် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ဆိုင်ကယ် ၄ စီးနှင့် ဖုန်း ၁ လုံးသိမ်းဆည်းရရှိ၊ ပေါင်းတည်တွင်လည်း စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားဖြူကုန်ရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ဆိုင်ကယ် ၄ စီးနှင့် ဖုန်း ၁ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၁ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ရှားဖြူကုန်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဂိတ်စခန်းရှိ ဆိုင်ကယ် ၄ စီးနှင့် ဖုန်း ၁ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ ရှားဖြူကုန်ကျေးရွာက စစ်ခွေး စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေး ၂ ကောင် ထိခိုက်ဒဏ်ရာရပြီး ၂ ကောင်သေဆုံးတယ်လို့ သိရတယ်။ နောက်ပြီး ဆိုင်ကယ် ၄ စီးနဲ့ စကားပြောစက် ၁ လုံးလည်း သိမ်းဆည်းရရှိ တယ်လို့ သိရတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ခွဲ (၆) ဧရာညီနောင်တပ်ဖွဲ့နှင့် နတ်တလင်းမြို့နယ် ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာမှ ဆိုင်ကယ်များဖြင့် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာမှ ဆိုင်ကယ်များဖြင့် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို အမှတ် ၃၈၀၁ တပ်ရင်းရုံး ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို မိုင်း‌‌ဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာများရရှိကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article