ရန်ကုန်၊ ဒီဇင်ဘာ ၁
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများက မြို့ပြင်ဘက်သို့ ထွက်ခွာလာနေမှုကြောင့်ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ညနေပိုင်း မိုးကုတ်မြို့ပြင် အနောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင်လည်း မိုးကုတ်မြို့ပြင် အရှေ့ပိုင်းနှင့် အနောက်ပိုင်း နေရာ ၂ ခုစလုံးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က မြို့ပြင်ဘက်သို့ စစ်ကြောင်းများ ထွက်လာနေခြင်းကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
“‘ဒီမနက် ၁၀ နာရီလောက်ကတည်းက စစ်တပ်က လက်နက်ကြီးတွေ ပစ်နေတာ။ အခုဆိုရင် လက်နက်ကြီး အလုံး ၆၀ ကျော်နေပြီ။ ထိတွေ့မှု ဖြစ်နေတာတွေက မြို့ပြင် အရှေ့ပိုင်းရော အနောက်ပိုင်းရော ဖြစ်နေတာ။ မိုးကုတ်အနောက်ပိုင်း ဘောလုံးကြီးဘက်နဲ့ အရှေ့ပိုင်းမှာဆိုရင် ချောင်းကြီး ကျောက်ဝါနဲ့ ပြောင်ခေါင်း၊ စက်အင်းပြန့် ထိတွေ့မှုဖြစ်တယ်လို့ သိရတယ်။ အခု စစ်တပ်က အရှေ့ပိုင်း အောင်နန်းဘောလုံးကွင်းမှာ ဟောင်ဝစ်ဇာ အမြောက်တွေ ဆင်နေတယ်” ဟု မိုးကုတ်အခြေစိုက် တော်လှန်ရေး ကင်းထောက်သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်တပ်က မိုးကုတ်မြို့အတွင်း ဝင်ရောက်လာပြီးနောက် မြို့တွင်းရှိ ထွေ/အုပ်အုပ်ချုပ်ရေးရုံး၊ ဆေးရုံ၊ ကျောင်းတို့တွင် အထိုင်ချပြီး စစ်စခန်းများ ဖွင့်လှစ်ထားကြောင်း ၊ မိုးကုတ်မြို့အတွင်းသို့ ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်အရာရှိတစ်ဦးက ရောက်ရှိ စစ်ဆင်ရေးများကို ကွပ်ကဲနေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
“မိုးကုတ်အတွက် တာဝန်ချထားတာက ဗိုလ်မှူးချုပ်အဆင့် အရာရှိထိုင်တာ။ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သူ ယာဉ်တန်းနဲ့ ဝင်သွားတာ။ နာမည်တော့ မသိရဘူး။ လောလောဆယ် သိရသလောက်တော့ ထွေအုပ်ရုံး၊ ဆေးရုံနဲ့ ကျောင်းမှာ အထိုင်စခန်းချထားတယ်လို့ သိရတယ်။ အခု သိရသလောက်တော့ နောက်ထပ် စစ်ကူစစ်ကြောင်းထပ်သွားမယ်လို့ သိရတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က TNLA တပ်များနှင့်အတူ နိုဝင်ဘာလ ၂၉ ရက်နေ့နှင့် နိုဝင်ဘာလ ၃၀ ရက်နေ့တို့တွင် မိုးကုတ်မြို့အတွင်းသို့ ဝင်ရောက် လာခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






